ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၄ ရက်

 

အမေရိကန်နိုင်ငံ၌ ယမန်နေ့ နိုဝင်ဘာ ၁၃ ရက် တွင် လေယာဉ်ပျံသန်းမှုလေးနာရီကြာရပ်ဆိုင်းရပြီးနောက် ခရီးစဉ်များပြန်လည်ပြေးဆွဲနိုင်ပြီဖြစ် သော်လည်း လေဆိပ်များတွင် ခရီးသည် ၁ ဒသမ ၅ သန်းသောင်တင်သွားကြောင်း အမေရိကန်သတင်းဌာန CNN တွင်ဖော်ပြထားသည်။

 

အဆိုပါလေယာဉ်ခရီးစဉ်ဖျက်သိမ်းမှုများကြောင့် ခရီးသည် ၁ ဒသမ ၅ သန်းခန့် လေဆိပ်များတွင် သောင်တင်ရကြောင်း လေကြောင်းဆိုင်ရာအချက်အလက်ကုမ္ပဏီ Cirium မှ ခန့်မှန်းထုတ်ပြန်သည်။

 

ဆက်သွယ်ရေးစနစ် ပြတ်တောက်မှုကြောင့် နာရီပေါင်းများစွာကြာ လေယာဉ်ပျံသန်းမှုများ ယာယီရပ်ဆိုင်းထားခဲ့ရပြီးနောက် ယခုအခါ လေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲနိုင်ပြီဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စုလေကြောင်းဦးစီးဌာန (FAA) က ထုတ်ပြန်ထားပြီး ခရီးစဉ်နှောင့်နှေးမှုနှင့် ဖျက်သိမ်းမှုများ ဆက်လက်ဖြစ်ပေါ်နေနိုင်ကြောင်းပါဝင်သည်။

အမေရိကန်နိုင်ငံ၏ လေကြောင်းထိန်းသိမ်းရေးစနစ်ရှိ သက်တမ်းရင့် နည်းပညာများနှင့် ဝန်အားမနိုင်တော့သည့် ရောက်တာ (Router) စက်များကြောင့် ယခုကဲ့သို့ ဖြစ်ပွားရခြင်းဖြစ်ပြီး စနစ်ကိုအဆင့်မြှင့်တင်ခြင်းမရှိပါက အလားတူဖြစ်ရပ်မျိုးထပ်မံကြုံတွေ့ရမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီး ရှောင်ဒဖ်ဖီ (Sean Duffy) က သတိပေးလိုက်သည်။

 

“ပုံမှန်အခြေအနေပြန်ရောက်ဖို့ အချိန်ယူရဦးမှာပါ။ ဒါပေမဲ့ သီတင်းပတ်အနည်းငယ်အတွင်း ရောက်လာတော့မယ့် ကျေးဇူးတော်ချီးမွမ်းပွဲ (Thanksgiving) ခရီးသွားရာသီကိုတော့ ထိခိုက်မှာ မဟုတ်ပါဘူး” ဟု ၎င်းက ပြောကြားသည်။

 

ထို့ပြင်လေကြောင်းထိန်းသိမ်းရေး စနစ်ပြုပြင်မွမ်းမံရေးအတွက် လိုအပ်သည့် ရန်ပုံငွေများ ချထားပေးရန် ကွန်ဂရက်လွှတ်တော်ကို အကြိမ်ကြိမ် တိုက်တွန်းကြောင်းပါဝင်သည်။

လေးနာရီကျော်ကြာမြင့်သော အဆိုပါ လေယာဉ်ပျံသန်းမှု ရပ်ဆိုင်းချိန်အတွင်း ဝေဟင်ပေါ် ရောက်ရှိနေပြီးသား လေယာဉ်များ ပြန်လည်ဆင်းသက်လာပြီးနောက် အမေရိကန်ကောင်းကင်ယံတွင် လေယာဉ်ပျံသန်းမှု လုံးဝကင်းရှင်းသွားသည်အထိ ဖြစ်ခဲ့ရကြောင်း CNN သတင်းဌာနတွင်ဖော်ပြထားသည်။

 

ယခုဖြစ်စဉ်သည် အမေရိကန်ပြည်ထောင်စုအပေါ် ခြိမ်းခြောက်တိုက်ခိုက်မှုကြောင့် ဖြစ်ပွားခြင်း မဟုတ်သလို ယခုသီတင်းပတ်အတွင်း ဖြစ်ပွားခဲ့သည့် မိုက်ခရိုဆော့ဖ် (Microsoft) စနစ်ပြတ်တောက်မှုနှင့်လည်း တစ်စုံတစ်ရာ ဆက်စပ်မှုမရှိကြောင်း အမိမြေလုံခြုံရေးဝန်ကြီး မာ့ခ်ဝိန်း မူလင် (Markwayne Mullin) က အတည်ပြု ပြောကြားကြောင်း CNN သတင်းဌာနတွင်ဖော်ပြထားသည်။

 

ကိုးကား – CNN
ဓာတ်ပုံ – နိုင်ငံတကာမီဒီယာ
Ref: FAA says airlines can resume flights after hours-long ground stop, but delays and cancellations to continue