ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၇ ရက်
အာဏာသိမ်းစစ်ကောင်စီက ယနေ့တွင် အကျဉ်းထောင်အသီးသီး၌ ဖမ်းဆီးထိန်းသိမ်းထားသည့် အကျဉ်းသား (၅၁၉၈) ဦးနှင့် အကျဉ်းသူ (၆၇၆) ဦး စုစုပေါင်း (၅၇၇၄) ဦးတို့အား ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း သတင်းထုတ်ပြန်ထားသည်။
အဆိုပါအကျဥ်းသား ၅၀၀၀ ကျော်ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသောပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် အာဏာသိမ်းစစ်ကောင်စီက ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
၎င်းတို့အထဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး ဩစတြေးလျနိုင်ငံသား Mr. Sean Turnell၊ ဗြိတိန်သံအမတ်ဟောင်း Mrs. Vicky Bowman၊ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ Mr. TORU KUBOTA၊ အမေရိကန်နိုင်ငံသား ကျော်ဌေးဦးစသည့် နိုင်ငံခြားသား ၄ ဦးနှင့် ၈၈မျိုးဆက်ကျောင်းသားခေါင်ဆောင် ကိုမြအေး၊ ဟာသသရုပ်ဆောင်ဆင်မ(ခ)ကိုဇော်မင်းထိုက်နှင့်ပန်းချီဆရာကိုထိန်လင်း စသည့် အနုပညာရှင် ၂ ဦးလည်း ပါဝင်နေကြောင်း သိရသည်။
ထို့အပြင် NLD ပါတီ၏ အရပ်သားအစိုးရလက်ထက်က နိုင်ငံတော်အတိုင်ခံရုံးဝန်ကြီး ကျော်တင်ဆွေ၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးသန်းဌေး၊ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်တို့လည်း စစ်ကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်သည့်အထဲ ပါဝင်လာကြောင်း သိရသည်။
၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသည့် ဘုဏ်းသိုက် (သရုပ်ဆောင် / ဒါရိုက်တာ)၊ ဖွေးဖွေး (ခ) ရွှေရည်ကိုဦး (သရုပ်ဆောင်)၊ ဟေမာန်သူသူအောင် (မော်ဒယ်)၊ မယ်မင်းဘုံ (ဒါရိုက်တာ)၊ ဆုမွန် (အစီအစဉ်တင်ဆက်သူ)၊ နီနီခင်ဇော် (အဆိုတော်)၊ သီဟဖြိုး (ခ) ကိုဘင်း (သရုပ်ဆောင်)၊ သဇင်ထူးမြင့် (ခ) သဲသဲ (သရုပ်ဆောင်)၊ ထက်ထက်ထွန်း (မော်ဒယ်)၊ နန်းခင်ဇေယျာ (သရုပ်ဆောင်)၊ ယွန်းဝတီလွင်မိုး (သရုပ်ဆောင်)တို့အား အမှုပိတ်သိမ်းလိုက်ကြောင်း စစ်ကောင်စီက ရေးသားထုတ်ပြန်ထားသည်။
#စစ်ကောင်စီ #အကျဥ်းထောင် #ပြစ်ဒဏ်လွတ်ငြိမ်း
#Ayeyarwaddy_Times