အောင်မြသန်း/ဧရာဝတီတိုင်းမ်
(မအူပင်)၊ နိုဝင်ဘာလ ၁၇ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ နိုဝင်ဘာလ ၁၄ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်သားမိန်းမက ဧည့်စာရင်း လာတိုင်ချိန်မှာ ပိုက်ဆံတောင်းလိုက်မိတဲ့ အုပ်ချုပ်ရေးမှူး ၁ ဦးကို စစ်ကောင်စီတပ်သားတွေက ပါးရိုက်ခဲ့ တယ်လို့ သိရပါတယ်။
အမှတ် ၁၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ဧည့်စာရင်းလာတိုင်တဲ့ စစ်ကောင်စီတပ်သားရဲ့ မိန်းမဖြစ်သူကို အုပ်ချုပ်ရေးမှူး ဝင်းတင်(ခ)ဆေးဘဲက ငွေ ၅၀၀၀ တောင်းမိလို့ အဲ့ညပိုင်းမှာပဲ စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး ပါးရိုက်တာတွေပြုလုပ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။
“ ခလရ ၂၇ ထဲက စစ်သားမိန်းမ သူကတပ်ပြင်မှာနေတာ မြို့သစ်မှာ ဧည့်စာရင်းသွားတိုင်တော့ ပိုက်ဆံ ၅၀၀၀ တောင်းလိုက်တာ အဲ့တာကို တပ်ကိုပြန်တိုင်တော့ အဲ့ညပဲ စစ်သားတွေရပ်ကွက်ထဲရောက်လာပြီး အုပ်ချုပ်ရေးမှူးကို ပါးရိုက်သွားတာ”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်သားမိန်းမကို ပိုက်ဆံတောင်းမိလို့ ပါးရိုက်ခံရတဲ့ အုပ်ချုပ်ရေးမှူး ဝင်းတင်(ခ) ဆေးဘဲ ဟာ အခြားပြည်သူတွေကိုလည်း ဧည့်စာရင်းလာတိုင်ရင် ပိုက်ဆံတောင်းနေတဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါအုပ်ချုပ်ရေးမှူး ဝင်းတင်ဟာ စစ်ကောင်စီလက်ထက်မှာ စစ်ကောင်စီက ခန့်အပ်ထားတဲ့သူဖြစ်ပြီး စစ်ကောင်စီအတွက် ဝင်ငွေရှာပေးနေသူလည်းဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
#မအူပင် #ဧည့်စာရင်း #စစ်သားမိန်းမ #အုပ်ချုပ်ရေးမှူး
#Ayeyarwaddy_Times