ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၇ ရက်
မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ နိုဝင်ဘာလ ၁၃ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်အချင်းချင်း လက်ပစ်ဗုံးနဲ့ပစ်ပေါက်ခဲ့လို့ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့သိရပါတယ်။
ကနင်ကမော့ ကျေးရွာအနီးမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကအခြားစစ်ကောင် စီတပ်ဖွဲ့ဝင်တွေကိုလက်ပစ်ဗုံးနဲ့ပစ်ခတ်ပြီးထွက်ပြေးသွားလို့ အဲ့ဒီနေ့မနက်ပိုင်းမှာဘဲ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက စစ်ကြောင်းထိုးရှာဖွေတာတွေလုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
”ဖြစ်တာက တနေ့ကမနက်ပိုင်းက မနက် ၈ နာရီလောက်ဗုံးကွဲသံကြားလိုက်ရပြီး သေနတ်သံတွေလည်း ကြား လိုက်ရတယ်။ တိုက်ပွဲဖြစ်တယ်ထင်နေတာ၊ နောက်တော့ စစ်ကောင်စီတပ်သားတွေ ရွာဘက်ကိုရောက်လာပြီးစစ်ကြောင်းထိုးပြီးပိုက်စိပ်တိုက်ပြီးရှာတယ်။ သိရတာက သူတို့ထဲကတယောက်က တခြားစစ်ကောင်စီ တပ်သားတွေကို လက်ပစ်ဗုံးနဲ့ပစ်ပြီးထွက်ပြေးသွားလို့ လိုက်ရှာနေတယ်လို့သိရတယ်” လို့ ဒေသခံအမျိုးသား တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
စစ်ကောင်စီတပ်သားတွေကို လက်ပစ်ဗုံးနဲ့ပစ်ပြီးထွက် ပြေးသွားတဲ့သူဟာ ရေးမြို့အခြေစိုက် အမှတ် ၃၄၃ ခြေ မြန်တပ်ရင်း(ခမရ ၃၄၃ ) က ဒုအရာခံဗိုလ် သာစိန် ဆိုသူဖြစ်ပြီး ၎င်းလက်ပစ်ဗုံးနဲ့ပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ် သား ၁ ဦး သေဆုံးခဲ့ပြီး ဗိုလ်ကြီးအဆင့်ရှိသူ ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဧရာဝတီတိုင်းမ်ရဲ့ သတင်းရင်းမြစ် တစ်ဦးကပြောပါတယ်။
ဖြစ်စဉ်ကမှန်ပါတယ်။ လက်ပစ်ဗုံးနဲ့ပစ်သွားတဲ့သူက ရေး ခမရ ၃၄၃ က ဒုအရာခံဗိုလ် နာမည်က သာစိန်။ တပ်ထဲမှာဖြစ်တာမဟုတ်ဘူး။ ကမော့ကနင်ဘက် စစ်ကြောင်းထိုးသွားတာကနေဖြစ်တာ။ သူ(သာစိန်)က အသက်လည်းကြီးနေပါပြီ။ ဘလိုတွေကြောင့် အဲ့ဒီ လိုဗုံးနဲ့ပစ်တဲ့အထိဖြစ်တာလည်းတော့မသိဘူး။ တန်းစီနေတဲ့ အချိန်ပစ်ပြီးထွက်ပြေးသွားတာလို့သိရတယ်။ သူ့တပ်က တပ် သားတစ်ယောက်သေတယ်၊ ဗိုလ်ကြီး ၁ ယောက်ဒဏ်ရာရတယ်” လို့ ရေးတပ်နယ်သတင်းရင်းမြစ်တဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
လက်ပစ်ဗုံးနဲ့ပစ်ခတ်ထွက်ပြေးသွားခဲ့တဲ့ ဒုအရာခံဗိုလ်ကို စစ်ကောင်စီတပ်က ရေးမြိုနယ် တဝိုက် ပိုက်စိပ် တိုက်ရှာဖွေနေပြီး လက်ရှိအချိန်ထိဖမ်းဆီးရရှိမှုအခြေအနေကိုမသိရသေးဘူးလို့ သိရပါတယ်။
ဓာတ်ပုံ – စစ်ကောင်စီတပ်တွင်းသုံး လက်ပစ်ဗုံးတစ်လုံးအား မြင်တွေ့ရစဥ်။
#ရေး #စစ်ကောင်စီတပ် #လက်ပစ်ဗုံးပစ် #ထိခိုက်မှု #AyeyarwaddyTimes