ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၂ ရက်
မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်နှင့်အဖွဲ့သည် ယနေ့ နိုဝင်ဘာ ၁၂ ရက်နေ့တွင် ရွေးတုသမ္မတမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ပြီး နယ်စပ်လုံခြုံရေး၊ ကုန်သွယ်ရေးနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကို ဆွေးနွေးခဲ့ကြောင်းသိရသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ရွေးတုသမ္မတမင်း အောင်လှိုင်အား အရပ်သားပြည်သူများအပေါ် ထိခိုက်စေသည့် အကြမ်းဖက်မှုများကိုလျှော့ချရန်နှင့် အကူအညီလိုအပ်နေသူများထံ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပိုမိုရောက်ရှိနိုင်ရေးပြုလုပ်ရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။
နယ်စပ်တစ်လျှောက်စစ်ဆင်ရေးများပြုလုပ်ရာတွင်လည်း ထိုင်းဒေသခံများ ထိခိုက်မှုမရှိစေရေးကို အထူးသတိထားဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများ၊ တရားမဝင်လောင်းကစားလုပ်ငန်းများ၊ စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများ၊ ရေညစ်ညမ်းမှုဆိုင်ရာကိစ္စရပ်များနှင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်းလည်း မြန်မာရွေးတုအစိုးရက ထုတ်ပြန်ခဲ့သည်။
ဆွေးနွေးပွဲမှတဆင့် အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် မူးယစ်ဆေးဝါးမှောင်ခိုကူးမှုများကို တိုက်ဖျက်ရန်၊ နယ်စပ်ဖြတ်ကျော်မြစ်ရေညစ်ညမ်းမှုပြသနာများကို နှစ်နိုင်ငံအဖွဲ့ဖွဲ့ကာ ဖြေရှင်းရန်၊ နယ်စပ်ကုန်သွယ်ရေး၊အလုပ်သမားဆိုင်ရာစီမံခန့်ခွဲမှုနှင့် စွမ်းအင်လုံခြုံရေးတို့ကို တိုးတက်အောင်ပူးပေါင်းလုပ်ဆောင်ရန် သဘောတူညီမှုရခဲ့ကြောင်းလည်း သိရသည်။
ထို့ပြင် ထိုင်းနိုင်ငံအနေဖြင့် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် အာဆီယံအဖွဲ့အကြား အပြုသဘောဆောင်သည့် ထိတွေ့ဆက်ဆံမှုများပြုလုပ်ခြင်းအပေါ် အားပေးကြောင်းလည်း ပြောကြားခဲ့ကြောင်းသိရသည်။
ကိုးကား – Khaosod English