ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၂ ရက်

 

‘ဝ’ ပြည် သွေးစည်းညီညွှတ်ရေတပ်မတော် (UWSA) ၏ အမှတ်တံဆိပ်ပါ အဝတ်အစားများဖြင့် ညစ်ညမ်းလိင်ဗီဒီယို ရိုက်ကူး၍ အွန်လိုင်းပေါ် တင်ဆက်ဖြန့်ဝေသူများကို ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း “ဝ” ပြည် တရားရေးဌာနက ထုတ်ပြန်လာသည်။

 

ထိုဗီဒီယိုကို “ဝ” ဒေသအတွင်း ရိုက်ကူး၍ UWSA အမှတ်တံဆိပ်ပါ ဝတ်စုံများ ဝတ်ဆင်ထားသည့် တရုတ်အမျိုးသမီး တစ်ဦးနှင့် အမျိုးသားတချို့ ပါဝင်သရုပ်ဆောင်ထားကာ အွန်လိုင်းပေါ်၌ ပျံ့နှံ့ခဲ့ပြီးနောက် ယခုကဲ့သို့ ထုတ်ပြန်လာကြောင်း သိရသည်။

 

ယင်းအတွက် အင်တာနက်ပေါ်၌ စည်းကမ်းဖောက်ဖျက်မှုများကို စောင့်ကြည့်စစ်ဆေးရန် ‘ဝ’ ပြည်နယ်ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် အင်တာနက် စောင့်ကြည့်ရေးအဖွဲ့သစ်အား ဖွဲ့စည်းလိုက်ပြီး ဗီဒီယိုဖိုင် ၁၀၀ ကျော် ဖျက်ဆီးထားကြောင်း ဖော်ပြသည်။

အဆိုပါ ထုတ်ပြန်ချက်အရ ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်ခြင်း၊ သတင်းအမှားများ ဖြန့်ဝေခြင်း၊ မူးယစ်ဆေးဝါးနှင့် တရားမဝင် ပစ္စည်းများ အွန်လိုင်းပေါ်၌ ပရိုမိုးရှင်းလုပ် ရိုက်ကူးရောင်းချနေမှုများ စသည်တို့ကိုလည်း အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

 

အလားတူ ‘ဝ’ ဒေသရှိ စားသောက်ဆိုင်အတွင်း K (မူးယစ်ဆေးဝါး) သုံးစွဲနေမှုနှင့် တိုက်ခန်းအတွင်း မူးယစ်ဆေးဝါး သုံးစွဲကာ စည်းကမ်းမဲ့ ပြုလုပ်နေမှုတို့ကို ဗီဒီယိုရိုက်ကူး၍ အွန်လိုင်းပေါ်သို့ ထုတ်လွှင့်တင်ခဲ့သူများအား အရေးယူထားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

လက်ရှိတွင် သက်ဆိုင်သူများကို သတိပေး တားမြစ်ခြင်း၊ ဒဏ်ငွေရိုက်ခြင်းများနှင့် ဖမ်းဆီးမှုများ ပြုလုပ်နေပြီး အသေးစိတ် သိရှိနိုင်ရန်အတွက် UWSA ၏ ပြောခွင့်ရ ဦးညီရမ်းထံ ဆက်သွယ်မေးမြန်းခဲ့ရာ “စိစစ်တွေ့ရမှုပေါ်မူတည်ပါလိမ့်မယ်” ဦးညီရမ်းက ဧရာဝတီတိုင်းမ် သတင်းဌာနကို ပြန်လည်ဖြေကြားသည်။

 

ဓာတ်ပုံ-UWSA