ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၂ ရက်
နိုင်ငံခြားငွေလိုအပ်နေသောရွေးတုအစိုးရသည်ပြည်ပရောက်အလုပ်သမားများထံမှ နိုင်ငံခြားငွေရရှိရေးအတွက် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများပို့လိုက်သော အလုပ်သမားများ၏လစာငွေ ၂၅ ရာခိုင်နှုန်းအိမ်ပြန်ပို့ငွေ လူစာရင်းအနည်းဆုံး ၇၅ ရာခိုင်နှုန်း ရှိရမည်ဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်သည်။
အေဂျင်စီများကစေလွှတ်လိုက်သောအလုပ်သမားများ၏ အိမ်ပြန်ပို့ငွေ ၂၅ ရာခိုင်နှုန်းဖြင့် သုံးလစာအထောက်အထားရှိသည့် အေဂျင်စီများသာအလုပ်သမားထပ်မံစေလွှတ်ခွင့်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းက အသင်းဝင်များကို အသိပေးထားသည်။
အဆိုပါအေဂျင်စီများအနေဖြင့်အလုပ်သမားစေလွှတ်ရာတွင် အလုပ်သမား ၇၅ ဦးမှ ၁၀၀ ဦးကြားရှိပြီး ၂၅ ရာခိုင်နှုန်းအိမ်ပြန်ပို့ငွေအထောက်အထားပြမှသာလျှင် ထပ်မံ၍ အလုပ်သမား ၅၀ ဦးသီးခြားစေလွှတ်ခွင့်ရမည်ဖြစ်ကြောင်းလည်းပါဝင်သည်။

ထို့ပြင်အလုပ်သမား ၁၀၀ ဦးမှ ၁၂၅ ဦးကြားရှိသောကုမ္ပဏီသည် အိမ်ပြန်ပို့ငွေရာနှုန်းပြည့်ပါက ထပ်မံ၍ အလုပ်သမား ၆၀ ဦးစေလွှတ်ခွင့်ရခြင်း၊ အလုပ်သမား ၁၂၅ ဦးအထက်ပြည်ပပို့ဆောင်ထားပြီး ရာခိုင်နှုန်းပြည့်အိမ်ပြန်ပို့ငွေအထောက်အထားပြနိုင်လျှင် အလုပ်သမား ၇၅ ဦးကိုသီးခြားခွင့်ပြုချက်ပေးမည်ဖြစ်ကြောင်းထုတ်ပြန်သည်။
” အရင်က အေဂျင်စီတွေက မိသားစုပြန်ပို့ငွေစာရင်းပို့ရမယ်လို့မှာတယ်။ ဘဏ်ကနေပို့လိုက်တဲ့ပြေစာလည်းတောင်းတယ်။ ဒါပေမယ့် ဘယ်သူ့မှမလုပ်ကြဘူး။ အခုလိုဆိုမဖြစ်မနေ သူတို့လည်းရအောင်တောင်းတော့မယ်။နိုင်ငံခြားငွေဘဏ်ဖြတ်ဈေးက အပြင်ဈေးနဲ့ကွာလို့ မလွဲချင်ကြဘူး ” ဟု ဂျပန်ရောက်အလုပ်သမားတစ်ဦးက ဆိုသည်။
အဆိုပါ မိသားစုလွှဲပို့ငွေတင်ပြရန် ပျက်ကွက်မည့်အေဂျင်စီများကို အလုပ်ခေါ်စာ (Demand Letter) အသစ်တင်ပြခွင့် ဆိုင်းငံ့သွားမည်ဖြစ်ပြီး သတ်မှတ်ရက်ခိုင်နှုန်းပြည့်မီမည့် အချိန်မှသာ အလုပ်ခေါ်စာ (Demand Letter) အသစ်တင်ပြခွင့်ရှိမည်ဖြစ်ကြောင်း အကြပ်ကိုင်လိုက်သည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီမှ ဇွန်လအထိ အေဂျင်စီများပို့ဆောင်ပေးသော ပြင်ပရောက်အလုပ်သမားများ၏ မိသားစုလွှဲငွေ ၂၅ ရာခိုင်နှုန်းအထောက်အထားတင်ပြနိုင်ခြင်းမရှိလျှင် ဒဏ်ကြေးကျပ် ဆယ်သိန်းနှင့် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင် ခြောက်လယာယီပိတ်သိမ်းမည်ဖြစ်ကြောင်းပါဝင်သည်။
ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားပြီးခွင့်ရက်တိုပြန်လာသူများထဲမှ ဝင်ငွေခွန် နှစ် ရာခိုင်နှုန်းနှင့် မိသားစုလွှဲပို့ငွေ ၂၅ ရာခိုင်နှုန်း အနီးဆုံး သုံး လစာတရားဝင်လွှဲပို့ထားသူများကို ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ်ပြား(OWIC) ထုတ်ပေးမည်ဖြစ်ကြောင်းသိရသည်။
ဓာတ်ပုံ_လူမှုကွန်ရက်