‎ဧရာဝတီတိုင်းမ်
‎နိုဝင်ဘာ ၁၂ ရက်

‎​ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ် ဒေသအချို့တွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား တိုက်ပွဲများ အပြင်းအထန် ဆက်လက်ဖြစ်ပွားနေပြီး ဝီရဌာနီ (ပေါက်တော) မြို့နယ်ရှိ ငပြီကျွန်းအတွင်း၌လည်း တိုက်ပွဲများ ဖြစ်ပွားနေ‌ေကြာင်း သိရသည်။

‎စစ်တွေ အမြင့်ကျွန်းမှတဆင့် ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ဘက်သို့ စစ်တပ်က လေကြောင်းပစ်ကူ အပြည့်အဝအသုံးပြုကာ စစ်ကြောင်းထိုးတိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ခမောင်းတောဘက် နေရာများတွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်နေသည်ကို တွေ့ရှိရသည် ။

‎”စစ်တပ်က ပုဏ္ဏားကျွန်းထိုးစစ်ကို အပြင်းအထန်လုပ်နေတယ်။ ဒရုန်းပစ်အားနဲ့ အမြင့်ကျွန်းဘက်က လက်နက်ကြီးပစ်အားအသုံးပြုပြီးရှေ့တိုးဖို့လုပ်နေတာပါ” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎အာရက္ခတပ်တော် (AA) နှင့် အာဏာသိမ်းစစ်တပ်တို့အကြား အပြင်းအထန်ဆုံးတိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်တပ်ဘက်က ဒရုန်းစစ်ဆင်ရေးကို အဓိကအသုံးပြု၍ တိုက်ခိုက်လျက်ရှိသည်။

‎ပြီးခဲ့သည့် နိုဝင်ဘာ ၇ရက်နေ့အထိ ရရှိထားသည့်သတင်းအချက်အလက်များအရ အမြင့်ကျွန်းနှင့် ခမောင်းတောဘက်တွင် တိုက်ပွဲအပြင်းအထန်ရှိနေပြီး စစ်တပ်က တပ်မ ၁၀၁အပြင် ဒရုန်းစစ်ဆင်ရေး ဒစရ ၂ကိုပါ တွဲဖက်အသုံးပြုလာသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။

‎ထို့အပြင် ငပြီကျွန်းကို စစ်တပ်က ရေကြောင်း၊ လေကြောင်းပစ်ကူများ အဆက်မပြတ်အသုံးပြုကာ ကမ်းတက်ရန် အပြင်းအထန် ကြိုးပမ်းလျက်ရှိရာ ငပြီကျွန်းအပြင် ရွှေမင်းဂံရေတပ်စခန်းအနီးအနားတဝိုက်တွင် နှစ်ဖက်တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေခြင်း ဖြစ်သည်။

‎စစ်တပ်က ငပြီကျွန်းကို နိုဝင်ဘာ ၉ ရက်နေ့ကစတင်ကာ ရွှေမင်းဂံရေတပ်စခန်းမှတစ်ဆင့် သင်္ဘောများဖြင့် ကမ်းတက်စစ်ဆင်ရေးများကို အဆက်မပြတ် လုပ်ဆောင်နေခြင်းဖြစ်ပြီး၊ အာရက္ခတပ်တော် (AA) ကလည်း တန်ပြန်တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရသည်။