ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၂ ရက်

စပိန်နိုင်ငံမှာ အိမ်ရာအကျပ်အတည်းကြောင့် အလုပ်သမား ၄ သန်းခန့်ဟာ နိုဝင်ဘာ ၁၁ ရက်က ၂၄ နာရီကြာ တစ်နိုင်ငံလုံး အတိုင်းအတာ အထွေထွေသပိတ် ဆင်နွှဲခဲ့ပြီး ညနေပိုင်းမှာ မက်ဒရစ်နဲ့ ဘာစီလိုနာမြို့တွေမှာ ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေကြား ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

သပိတ်မှောက်မှုမှာ စပိန်နိုင်ငံ စုစုပေါင်း လုပ်သားအင်အားရဲ့ ငါးပုံတစ်ပုံခန့် ပါဝင်ခဲ့ပြီး ရွေးကောက်ပွဲကျင်းပဖို့ သုံးပတ် မလိုတော့တဲ့အချိန်မှာ ဆိုးရွားတဲ့ ရာသီဥတုကြား မြို့ကြီးတွေမှာ အကြီးအကျယ် ဆန္ဒပြခဲ့ကြတာပါ။

ဘာစီလိုနာမြို့မှာ ဆန္ဒပြသူတချို့က လမ်းပေါ်က ပရိဘောဂတွေကို မီးရှို့ခဲ့သလို မက်ဒရစ်မြို့လယ်က Plaza de España ရင်ပြင်တစ်ဝိုက်မှာ အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ ရော်ဘာကျည်ဆန်တွေ သုံးပြီး လူစုခွဲခဲ့ရပါတယ်။

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆန္ဒပြမှုဖြစ်စဉ် ၁,၀၀၀ ကျော် ဖြစ်ပွားခဲ့ပြီး ရုံးခန်းတွေ ပိတ်ဆို့တာနဲ့ အမှိုက်ပုံး မီးရှို့တာတွေကြောင့် လူ ၇၃ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

အခုသပိတ်ဟာ ၂၀၁၂ ခုနှစ် ဥရောပကြွေးမြီ အကျပ်အတည်းကာလနောက်ပိုင်း ၁၄ နှစ်အတွင်း ပထမဆုံးအကြိမ် အထွေထွေသပိတ်ဖြစ်ပြီး အလုပ်သမားသမဂ္ဂကြီးတွေနဲ့ အိမ်ငှားရမ်းသူများ အသင်းတွေက ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။

စပိန်နိုင်ငံမှာ နေအိမ်ပေါင်း ၇၅၀,၀၀၀ ခန့် လိုအပ်ချက် ရှိနေပြီး ၂၀၂၈ ခုနှစ်မှာ လိုအပ်ချက် ၁ သန်းကျော်အထိ ရှိလာနိုင်တယ်လို့ ဗဟိုဘဏ်က ခန့်မှန်းထားပါတယ်။

အိမ်ဝယ်နိုင်သူ နည်းပါးလာတာနဲ့အမျှ အိမ်ငှားခတွေ အဆမတန် မြင့်တက်လာပြီး ပျမ်းမျှအိမ်ငှားခ ယူရို ၁,၁၇၆ ဟာ စပိန်လူငယ်တစ်ဦးရဲ့ လစဉ်ပျမ်းမျှလစာ ၉၈ ဒသမ ၇ ရာခိုင်နှုန်းနဲ့ ညီမျှတာကြောင့် လူငယ်တွေ ကိုယ်ပိုင်အိမ်နဲ့နေဖို့ မဖြစ်နိုင်တော့ဘူးလို့ ဆန္ဒပြသူတွေက ပြောပါတယ်။

သပိတ်မှောက်မှုအတွင်း ဆိပ်ကမ်းတွေနဲ့ မော်တော်ကားစက်ရုံတွေမှာ ပါဝင်မှု ၉၀ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး ဘာစီလိုနာရှိ SEAT နဲ့ နာဗာရီရှိ Volkswagen စက်ရုံတွေ ရပ်ဆိုင်းသွားခဲ့သလို လျှပ်စစ်ဓာတ်အား သုံးစွဲမှုလည်း ၁၅ ဒသမ ၅ ရာခိုင်နှုန်းအထိ လျှော့နည်းသွားခဲ့ပါတယ်။

မက်ဒရစ်မြို့ရဲ့ အဓိက ဈေးဝယ်လမ်းမကြီးဖြစ်တဲ့ Gran Via လမ်းပေါ်က H&M နဲ့ Primark အပါအဝင် နာမည်ကြီး ဆိုင်ခန်းအများအပြား ပိတ်ထားသလို ရထားပို့ဆောင်ရေး ဝန်ဆောင်မှုတွေလည်း ရပ်ဆိုင်းခဲ့ပါတယ်။

အိမ်မှ အလုပ်လုပ်ကိုင်နိုင်သူ များပြားလာတာကြောင့် အရင်သပိတ်တွေလောက် စီးပွားရေးအပေါ် ထိခိုက်မှု မပြင်းထန်ဘဲ နိုင်ငံ့စီးပွားရေး (GDP) ရဲ့ ၀ ဒသမ ၁ ကနေ ၀ ဒသမ ၂ ရာခိုင်နှုန်းခန့်သာ လျော့ကျနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ အင်အားသုံး ဖြိုခွင်းမှုကြောင့် ဆန္ဒပြသူ ၂၀ ဦး ဒဏ်ရာရရှိခဲ့တဲ့အပေါ် အလုပ်သမားသမဂ္ဂတွေက ရာဇဝတ်ကြောင်းအရ တရားစွဲဆိုမယ်လို့ ကြေညာထားပါတယ်။

မက်ဒရစ်မြို့မှာ အသက် ၈၇ နှစ်အရွယ် အဘွားအိုတစ်ဦး အငှားအိမ်မှ နှင်ထုတ်ခံရပြီးနောက် သေဆုံးခဲ့တဲ့ ဖြစ်ရပ်အပါအဝင် အိမ်ငှားခ ထိန်းချုပ်ရေးဥပဒေကြမ်းကို လွှတ်တော်က ပယ်ချခဲ့တာကြောင့် လူထုဒေါသ ပေါက်ကွဲလာပြီး ဝန်ကြီးချုပ် ပီဒရိုဆန်းချက်ဇ်က နိုဝင်ဘာ ၂၉ ရက်မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်ထားပါတယ်။

News: Reuters
Ref; Millions of Spaniards stage first general strike in 14 years as anger over housing leads to clashesp