ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၂ရက်
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အတွင်းသို့ ရွေးတုအစိုးရစစ်တပ်က ဒရုန်းနှင့် လက်နက်ကြီး ပစ်ကူများ အသုံးပြုကာ စစ်ကြောင်းနှစ်ကြောင်းဖြင့် ထိုးစစ်ဆင် လှုပ်ရှားနေသဖြင့် ဒေသခံ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ပြည်သူ သုံး ဦး ဖမ်းဆီးခံထားရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များနှင့် တော်လှန်ရေး အင်အားစုများ၏ ထုတ်ပြန်ချက်အရ သိရသည်။
ယမန်နေ့ နိုဝင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ကျောက်တန်းကျေးရွာမှ ထွက်ခွာလာသည့် ရွေးတုအစိုးရစစ်တပ် စစ်ကြောင်းတစ်ကြောင်းသည် ဝါးသီးကုန်း၊ ကချင်ကုန်းနှင့် ငါးကြီးအိုင် ကျေးရွာများဘက်တွင် ဝင်ရောက်တပ်စွဲထားသည်။
အလားတူ ဝန်းသိုမြို့နယ်ဘက်မှ အင်အား ၆၀ ခန့်ပါ စစ်ကြောင်းတစ်ကြောင်းသည်လည်း ကောလင်းမြို့နယ်ဘက်သို့ ဦးတည်ထွက်ခွာလာပြီး အင်းပုဒ်ကုန်းကျေးရွာသို့ ရောက်ရှိနေကြောင်း သိရသည်။
“ရွေးတုအစိုးရစစ်တပ်က ဒရုန်းနဲ့ လက်နက်ကြီးပစ်ကူ တွန်းပစ်ပြီး စစ်ကြောင်းထိုးတာ။ နောက်ချန်တပ်တွေ ထားခဲ့ပြီး အင်အားဖြည့်တပ်တွေနဲ့ စစ်ကြောင်းထိုးနေတာပါ” ဟု စစ်ရေး သတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ် ပြောသည်။
ထို့အပြင် ကချင်ကုန်းကျေးရွာဘက်သို့ အင်အား ၅၀ ခန့်ဖြင့် ရောက်ရှိနေသည့် စစ်ကြောင်းသည် ယမန်နေ့ ညနေပိုင်းက ဝါးသီးကုန်းရွာလမ်းခွဲသို့ ထိုးဖောက်ဝင်ရောက်ခဲ့ပြီးနောက် ကျောက်တန်း လမ်းဆုံတွင် ချန်ထားခဲ့သည့် မော်တော်ယာဉ်များဖြင့် မြင့်ဒူး-ပေကုန်း ကျေးရွာဘက်သို့ ဆက်လက် ဦးတည် ထွက်ခွာသွားကြောင်း သိရသည်။
ရွေးတုအစိုးရစစ်တပ်သည် ပြီးခဲ့သည့် နိုဝင်ဘာ ၉ ရက်နေ့က မုတ်ဝကျေးရွာနှင့် ချပ်ကုန်းကျေးရွာ လမ်းဆုံသို့ ရောက်ရှိနေစဉ် ကျေးရွာအတွင်းသို့ ဝက်စာကျွေးရန် ပြန်လည်ဝင်ရောက်လာသည့် ဒေသခံ ပြည်သူ သုံး ဦးကို ဖမ်းဆီးခဲ့သည်။ ယင်းနောက် မုခ်ဝဘုန်းကြီးကျောင်းတွင် တပ်စွဲနေရာယူထားပြီး ကျေးရွာအတွင်းရှိ နေအိမ်များသို့ မော်တော်ယာဉ်များဖြင့် ဝင်ရောက်ကာ ပြည်သူပိုင် ပစ္စည်းများကို လုယက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ရွေးတုအစိုးရစစ်တပ်သည် ဒရုန်းများကို အဓိက အသုံးပြု၍ ကင်းထောက်ခြင်းနှင့် တိုက်ခိုက်ခြင်းများ ပြုလုပ်နေသဖြင့် ဒေသခံ ပြည်သူများအနေဖြင့် ကျေးရွာများအတွင်းသို့ ပြန်လည် ဝင်ရောက်ခြင်း မပြုကြရန်နှင့် လေကြောင်းအန္တရာယ်၊ စစ်ရေးအန္တရာယ်များကို အထူးသတိပြု နေထိုင် ကြရန် တော်လှန်ရေး အင်အားစုများက သတိပေး နှိုးဆော်ထားသည်။