ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၂ ရက်

 

ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုနှင့်အတူ တောင်ကျရေများကြောင့် တောင်ပေါ်ဒေသညောင်ရွှေမြို့တွင် ရေကြီးရေလျှံမှုဖြစ်‌နေပြီး ကူညီကယ်ဆယ်ရေးများ လိုအပ်နေကြောင်းသတင်းရရှိသည်။

 

ညောင်ရွှေမြို့တွင် နိုဝင်ဘာ ၁၁ ရက်နေ့ညပိုင်းစတင်ကာရေတက်လာပြီး ယနေ့ မနက်ပိုင်းတွင် ရေကြီးရေလျှံနေဆဲဖြစ်၍ ကူညီကယ်ဆယ်ရေးများလိုအပ်ကြောင်း ဒေသခံများက‌ ပြောသည်။

 

မိုးအဆက်မပြတ်ရွာသွန်းသောကြောင့်တောင်ကြီးမြို့မှစီးဆင်းလာသောတောင်ကျရေများစီးဝင်ရာ ရွှေညောင်မြို့ရှိ ကျီးဖြူကန်ရေလျှံမှုအပါအဝင် မိုးရေချိန်များသဖြင့် ညောင်ရွှေမြို့ရေကြီးရေလျှံရကြောင်း သတင်းရရှိသည်။

 

“ မနေ့က မနက်ပိုင်းမှာရေပြန်ကျသွားသေးတယ်။ ညရောက်မှတက်လာတာ။ ရာသီဥတုအပြောင်းအလဲတွေနဲ့ မိုးရွာတာမမှန်တော့ တောင်ပေါ်မြို့ရေကြီးနေပြီ။ မိုးလေဝသအခြေအနေမကောင်းလို့ ရာသီဥတုဖောက်ပြန်တော့ကားလမ်းမကြီးတွေပေါ်မှာ ရေရောက်တာ လူတစ်ယောက်ရဲ့ ပေါင်တစ်ဝက်လောက်ရှိတယ်။ အိမ်တံတိုင်းတွေ နည်းနည်းပဲပေါ်တော့တယ်။ ကူညီကယ်ဆယ်ရေးတွေ လိုအပ်ပါတယ်။ ရေကြီးတဲ့နေရာများတော့ ပရဟိတသမားလူငယ်တွေမလုံလောက်ဘူး” ဟု ညောင်ရွှေဒေသခံတစ်ဦးက ပြောသည်။

 

လက်ရှိတွင် ရွှေညောင်မြို့ရှိ ကုန်းလှိုင်ဇေယျသီရိဓမ္မရုံတွင် ရေဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားပြီး အိမ်ထောင်စု တစ်ရာကျော်၊ လူဦးရေ ၄၀၀ နီးပါးရေဘေးရှောင်နေကြောင်း ရွေးတုအစိုးရထံမှ သိရသည်။

 

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်ကျီးဖြူကန်ရေသတ်မှတ်ရေပမာဏထက် ရေကျော်လွန်ဝင်ရောက်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနထံမှ သိရသည်။

“ကျီးဖြူကန်ရေပိုလွှဲမှ ရေလွှတ်လို့ စပါးခင်းတွေရေနစ်မြှပ်နေပြီ။ လယ်သမားတွေအတွက် စပါးသိမ်းချိန်မှာ ရေနစ်မြှပ်သွားတယ်။ အရင်တစ်ပတ်စပါးရိုက်တုန်းက ကျီးဖြူကန်ရေတက်လာလို့ စပါးခင်းထဲရေဝင်နေပြီ” ဟု ရွှေညောင်မြို့ရှိ လယ်သူမတစ်ဦးက ဆိုသည်။

 

ထို့ပြင် တောင်ကြီးမြို့အဆင်းလမ်း အင်ကြင်းတောင်အနီးမြေပြိုကျမှုဖြစ်ပေါ်သဖြင့် ပြုပြင်နေရကြောင်း ရွေးတုအစိုးရထံမှ သိရသည်။

 

လာမည့်ရက်ပိုင်းအတွင်း ၂၀၂၆ ခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ရိုးရာမီးပုံးပျံပွဲကို နိုဝင်ဘာ ၁၆ မှ ၂၅ ရက်အထိ ၁၀ ရက်ကြာကျင်းပမည်ဖြစ်ပြီး နိုဝင်ဘာ ၁၃ ရက် ( မနက်ဖြန်) တွင် နေ့လွှတ်အရုပ်များစတင်လွှတ်တင်မည်ဖြစ်ကြောင်းသိရသည်။

 

“ရှမ်းတောင်မှာ မိုးပြန်ရွာလာတာဆိုတော့ ရေတက်နေတဲ့ နေရာတွေဟာ ရေကျဖို့မဖြစ်နိုင်သေးပါဘူး။ လွိုင်လင်၊ ပင်လုံဖက်ကနေ တောင်ကြီးကို မနေ့ကမှ ကားကြီးနဲ့ ကားလေး အနည်းငယ် ဖြတ်သန်းလို့ရခါစရှိပါ သေတယ်း။ ဒီပုံစံတိုင်းဆို လမ်းပိတ်နေနိုင်ပါတယ်” ဟု TGI အဖွဲ့က ရေးသားထားသည်။

 

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် ရာဂီမုန်တိုင်းနှင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ညောင်ရွှေမြို့တွင် ရေကြီးရေလျှံပြီး အင်းလေးတွင် ရွာပေါင်း ၂၀၀ နီးပါး ရေမြှပ်သွားရသည်။

 

ဓာတ်ပုံ – The Home Town, လူမှုကွန်ရက်