ဧရာဝတီတိုင်းမ်
(ဆော)၊ နိုဝင်ဘာလ ၁၆ ရက်
မကွေးတိုင်း၊ ဆောမြို့နယ်၊ လက်ပန်းကျေးရွာနှင့် ပဆုတ်ကျေးရွာတို့ကို စစ်ကောင်စီတပ်က ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် မီးတင်ရှို့ခဲ့ပြီး ထွက်မပြေးနိုင်သည့် သက်ကြီးရွယ်အိုများနေအိမ်မီးလောင်မှုထဲတွင် ပါသွားကြောင်းဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်များသည် လက်ပန်းကျေားရွာကို ဝင်ရောက်လာပြီး ဘုန်းကြီးတစ်ပါးအပါအဝင် ပြည်သူ ၅ ဦးကို ဖမ်းဆီးပြီးနောက် လူနေအိမ်များကို မီးတင်ရှို့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“မနေ့က နံနက် ၁၀ နာရီခွဲအချိန်ခန့်မှာ လက်ပန်းရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်လာပြီးတော့ ဘုန်းကြီးတစ်ပါးအပါအဝင် ပြည်သူ ၅ ဦးကို ဖမ်းသွားတယ်။ ပြီးတော့ လူနေအိမ်တွေကို လိုက်လံမီးရှို့တယ်။ ရွာထဲက ထွက်မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေ မီးထဲပါသွားတယ်။ ရွာသားတွေလည်း ပြေးလွှားနေရတော့ မီးထဲပါသွားတဲ့ သက်ကြီးရွယ်အိုတွေရဲ့ အရေအတွက်တွေ အတိအကျမသိရသေးဘူး”ဟု ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ပန်းရွာကို မီးရှို့ပြီးနောက် ညနေ ၃ နာရီအချိန်ခန့်တွင် ပဆုတ်ကျေးရွာတွင် စစ်ကောင်စီတပ်များဝင်ရောက်လာပြီး ပြည်သူနေအိမ် ၁၄၀ ကျော်ကို ထပ်မံမီးရှို့ခဲ့ကြောင်းဒေသခံများက ဆိုသည်။
ပြည်သူနေအိမ်များကို မီးရှို့သည့် စစ်ကောင်စီတပ်များအပြန်တွင် YDF၊ ဆော-PDFတို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ကျောက်ထုမြို့၊ အမြောက်တပ်က လက်နက်ကြီးများပစ်ကူပေးနေကြောင်း ဒေသခံတစ်ချို့ထံမှ သိရသည်။
“ကျွန်တော်တို့ ပဆုတ်ရွာမှာ ပြည်သူနေအိမ် ၁၄၀ ကျော်မီးရှို့ခံထားရတယ်။ ပြည်သူဖမ်းဆီးမှုတော့ မရှိဘူး။ ရွာတွေကို မီးရှို့နေတဲ့ စစ်ကောင်စီတပ်တွေ အပြန်မှာ YDF/ဆော-PDFတွေနဲ့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပါတယ်။ ကျောက်ထုမြို့၊ အမြောက်တပ်ကလည်း လက်နက်ကြီတွေ ဆက်တိုက်ပစ်ကူပေးနေတယ်”ဟု ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဆောမြို့နယ်၊ လက်ပန်းကျေးရွာနှင့် ပဆုတ်ကျေးရွာတို့ကို မီးရှို့ခဲ့သော စစ်ကောင်စီတပ်များသည် ကျောက်ထုဘက်မှ ပေါက်ခေါင်း၊ ခရိုင်တောင်မှ လက်ပန်းရွာနှင့် ပဆုတ်ရွာဘက်ကို စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်းဒေသခံများထံက သိရသည်။
#ဆော #နေအိမ် #မီးတင်ရှို့ #သက်ကြီးရွယ်အို
#Ayeyarwaddy_Times