ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၆ ရက်
စစ်ကောင်စီတပ်ရဲ့ နေပြည်တော် စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးက ညွှန်ကြားရေးမှူး ဗိုလ်ချုပ် မျိုးသန့်ကို စစ်ဘက်တာဝန်ကအနေအနားပေးပြီး အရပ်ဘက်ကိုပြောင်းလဲကာ ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ခန့်အပ်ခဲ့တဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးရွှေလေးကို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုဝင်ဘာလ ၁၄ ရက်နေ့က ရာထူးကအနားပေးပြီး စစ်ကောင်စီတပ်တွင်း ဆောက်လုပ်ရေးလုပ်ငန်းတွေကိုလုပ်ဆောင်တဲ့ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူး စစ်ဗိုလ်ချုပ် မျိုးသန့်ကို တပ်ကနေ အရပ်ဘက်ပြောင်းလဲ ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ရဲ့စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး (ကကယာ) ညွန်ကြားရေးမှူးဟာ စစ်မြေပြင်အင်ဂျင်နီ ယာတပ်ရင်း(BE)တပ်တွေ၊ စစ်ကောင်စီတပ်တွင်းက နေအိမ်လိုင်းခန်း၊ ရုံးအဆောက်အဦတွေနဲ့ စစ်မှုထမ်း ဟောင်းအိမ်ရာတွေကို တည်ဆောက်တဲ့ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ် (GE) တပ်လို့လူသိများတဲ့ ဆောက် လုပ်ရေးတပ်တွေကို အဓိကတာဝန်ယူကွပ်ကဲရတာဖြစ်ပါတယ်။
တပ်လိုင်းခန်းတွေ တည်ဆောက်ရာမှာဘိလပ်မြေခိုးလွန်း လို့ လိုင်းခန်းတွေမှာ သံမရိုက်ခိုင်းဘဲ သံရိုက်ရင် အရေး ယူဖို့ ညွှန်ကြားခဲ့တဲ့အထိ ခိုးဖွက်ရာမှာ နာမည်ကြီးတဲ့ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး(ကကယာ) ရုံးက ညွှန်ကြားရေးမှူး ဗိုလ်ချုပ်မျိုးသန့်ဟာ စစ်ကောင်စီရဲ့ ဆောက်လုပ်ရေးဝန်ကြီးအဖြစ် စတင်တာဝန်ထမ်းဆောင်နေပြီ ဖြစ်ပါတယ်။
”ကကယာ ညွှန်မှူးကို ဆောက်လုပ်ရေးဝန်ကြီးခန့်တယ်ဆိုတော့၊ ယာညွှန်မှူးဘဝထဲက ပိုက်ဆံတောင်ထားစရာ နေ ရာရှိလားမသိဘူး။ စစ်တပ်မှာအဲ့ဒီနေရာ ရာထူးလောက်ပိုက်ဆံဝင်တာတော့မရှိတော့ဘူး ။ အရင်ကဆို ကျနော်တို့သိသလောက် စစ်အင်ဂျင်နီယာ DSTA ဗိုလ်လောင်းတွေထဲက ဗိုလ်သင်တန်းဆင်းရင် ကက(ယာ)အောက်က GE တပ်တွေကိုရောက်မယ့် ဗိုလ်လောင်းတွေဆိုရင် သင်တန်းမဆင်းခင် တပ်တွေမှာလက်တွေ့လိုက်ဆင်းတဲ့ ကာလတွေမှာထဲက အဲ့ဒီဗိုလ်လောင်းတွေကို သီးခြားမုန့်ဖိုးပေးတာမျိုးတွေ ကြားဖူးတယ်။ အဲ့ဒီ GE ရောက်တာလည်း သူတို့အကြီးပိုင်းထဲက သားတွေများပါတယ်။ ယာညွှန်မှူးက ခိုးလို့တအား ကောင်းတဲ့နေရာပေါ့။ အောက်ခြေက လမ်းဗိုလ်လောက်အဆင့်တောင် ကိုယ်ပိုင်ကားနဲ့။ တပ်ထဲက လိုင်းခန်းတွေလည်းသွားကြည့်လိုက်ဦး။ ဆောက်ပြီးမကြာဘူး ပက်ကြားအက်နေပြီ၊ နံရံတွေကို သံတောင်ရိုက်ခွင့် မပေးဘူး၊ ပြက္ခဒိန်တွေဘာတွေဆို တိပ်နဲ့ဘဲကပ်ရတာ။ သံရိုက်ရင်အရေးယူခံရတယ်။ အဲ့လိုခိုးတာ။ ယာညွှန်မှူးအရပ်ဘက်ပြောင်း စစ်တပ်ထဲ ခိုးတာအားမရလို့ အရပ်ဘက်ပြောင်းပြီး ခိုးခိုင်းတာဖြစ်မယ်”လို့ ကက(ယာ) ရုံးနဲ့နီးစပ်တဲ့ CDM တပ်မတော်သားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
အရပ်သားအစိုးရတွေဖြစ်တဲ့ သမ္မတဦးသိန်းစိန်အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အစိုးရလက်ထက်မှာ အစိုးရရဲ့စာရင်းစစ်ခြင်းကနေ ကင်းလွတ်ခဲ့ပြီး တပ်တွင်းအဆောက်အဦးတွေရဲ့အရည်အသွေးကို စစ်ဆေးခြင်း မခံခဲ့ရတဲ့ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်(GE) တပ်တွေမှာ အောက်ခြေ တကကအဆင့်(လမ်းဗိုလ်)၊ အရာခံဗိုလ် အဆင့်(ဝန်ထောက်)တွေကအစ ကိုယ်ပိုင်ဇိမ်ခံအိမ်စီးကားတွေပိုင်ဆိုင်တယ်လို့ တပ်အသိုင်းအဝိုင်းက ဆိုပါ တယ်။
စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးဟာ စစ်ထောက်ချုပ်ရုံးရဲ့လက်အောက်မှာရှိတာဖြစ်ပြီး စစ်ထောက်ချုပ်ရုံး ဟာလည်း စစ်ကောင်စီတပ်ကရရှိတဲ့ကာကွယ်ရေးဘတ် ဂျက်ကို ခွဲတမ်းအများဆုံးအနေနဲ့ရရှိတဲ့ စစ်ရုံးတွေထဲက တခုဖြစ်တယ်လို့စစ်ကောင်စီတပ်တွင်းသတင်းရင်းမြစ်တွေကဆိုပါတယ်။
စစ်ခေါင်းဆောင်တွေဟာ အရပ်ဘက်ဝန်ကြီးဌာတွေမှာ ၎င်းတို့ယုံကြည်ရသူတွေကို အစားထိုးမှုတွေဆက် တိုက်ပြုလုပ်နေပြီးတော့ ပြီးခဲ့တဲ့သြဂုတ်လအတွင်းမှာလည်း စစ်ကောင်စီတပ်ငွေစာရင်းညွှန်ကြားရေမှူးရုံး ညွန်ကြားရေးမှူး ဗိုလ်ချုပ် ဇော်မြင့်နိုင်ကို ဗဟိုဘဏ်ဒုဥက္ကဌအဖြစ်ပြောင်းလဲခန့်အပ်ခဲ့ပါသေးတယ်။
လက်ရှိမှာ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးအဖြစ် အစားထိုးရောက်ရှိလာတာမရှိသေးဘဲ ဒု-ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ခင်မောင်အေးက ညွှန်ကြားရေး မှူးအဖြစ်ယာယီတာဝန်ယူထားတယ်လို့သိရပါတယ်။
#နေပြည်တော် #ကကယာ #ညွှန်ကြားရေးမှူး #ဗိုလ်ချုပ်မျိုးသန့် #ဆောက်လုပ်ရေးဝန်ကြီး #ခန့်အပ် #AyeyarwaddyTimes
ဓာတ်ပုံ – ၂၀၂၀ ခုနှစ်က တောင်ဒဂုံမြို့နယ်၊လေးထောင့်ကန်စစ်မှုထမ်းဟောင်းအိမ်ရာတည်ဆောက်ရေးအတွက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုရှင်းပြနေစဥ်။