ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၆ ရက်
နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် စစ်မှုထမ်းရန် လူငယ်များအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ရန် ကြိုးပမ်းမှုများ ဆက်တိုက်ဖြစ်ပွားနေပြီး ဒေသခံပြည်သူများ၏ စုပေါင်းခုခံတွန်းလှန်မှုကြောင့် ဖမ်းဆီး သူများ ဒဏ်ရာရရှိကာ ထွက်ပြေးခဲ့ရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ ထန်းတပင်ကျေးရွာအုပ်စု၊ မဲဒီအောင်သုခ ကျေးရွာတွင် ပြီးခဲ့သည့် အောက်တိုဘာလ ၁၉ ရက်နေ့ ညပိုင်းက ချိုင်းရွာနှင့် ထန်းတပင် အုပ်ချုပ်ရေး မှူးများအပါအဝင် ပျူစောထီး အင်အား ၁၅ ဦးခန့် ဝင်ရောက်လာပြီး ကျေးရွာနေ လူငယ်တစ်ဦးကို ကားပေါ်သို့ အတင်းအဓမ္မ ဆွဲတင်ဖမ်းဆီးရန် ကြိုးပမ်းခဲ့သည်။
ထိုသို့ ဖမ်းဆီးနေစဉ် ကျေးရွာသားတစ်ဦး (ယခင် ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူးဟောင်း) က ဝင်ရောက် တားဆီးသော်လည်း မရသဖြင့် ရွာသားများအား ဝိုင်းရိုက်ကြရန် အော်ဟစ်အကူအညီ တောင်းခံခဲ့ရာ ရွာလုံးကျွတ် ထွက်ရိုက်ကြသဖြင့် အဆိုပါအဖွဲ့မှာ ထွက်ပြေးသွားခဲ့ရသည်။
“ပြည်သူ့စစ်မှုထမ်းဥပဒေအရ ဆင့်ခေါ်ခွင့်ရှိတယ် ဆိုပေမယ့် အခုလိုမျိုး ညဘက်ကြီး အတင်းအဓမ္မ ဝင်ရောက် ဖမ်းဆီးခွင့် ရှိမနေပါဘူး။ စစ်တပ်လက်အောက်ခံတွေရဲ့ အဂတိနဲ့ အကျင့်ပျက်ခြစားမှုတွေ ကြီးထွားလာနေတဲ့အပေါ် အခုလို ပြန်လည်တွန်းလှန်ခဲ့တာဟာ စံနမူနာပြ ဖြစ်ရပ်တစ်ခုလို့ ဆိုရမှာပဲ” ဟု နေပြည်တော်ဖြစ်စဉ်နှင့် ပတ်သက်၍ တပ်တွင်း သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရွာသားများ၏ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် ပျူစောထီးအဖွဲ့ဝင်တစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သဖြင့် ဆေးရုံတင်ပို့ ကုသခဲ့ရပြီး ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက်နေ့ ညပိုင်းကလည်း ထန်းတပင် ကျေးရွာတွင် ယခုကဲ့သို့ ဖမ်းဆီးရန် ကြိုးပမ်းမှု ဖြစ်စဉ်မျိုး ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။
အလားတူ ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ ရေတပ်စခန်းအနီးတွင်လည်း ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်နေ့ ညနေပိုင်းက လမ်းလျှောက်နေသည့် လူငယ်တစ်ဦးကို လူသုံးဦး လိုက်ပါ လာသည့် ကားတစ်စီးက နောက်ကျောဘက်မှနေ၍ ကားပေါ်သို့ အဓမ္မဆွဲတင်ရန် ကြိုးပမ်းခဲ့ရာ အဆိုပါလူငယ်က ပြန်လည်ခုခံခဲ့သဖြင့် ဖမ်းဆီးသူများ ကားမောင်းထွက်ပြေးသွားခဲ့သည်။
“သူတို့က ညနေပိုင်း လူခြေရှင်းချိန် နောက်ကနေ အဓမ္မဆွဲတင်ဖို့ လုပ်တာ။ လူငယ်က ဆွဲတဲ့လူရဲ့ လက်မောင်းကို ဓားနဲ့ထိုးလိုက်ချိန်မှာ ကျန်တဲ့ကားပေါ်က လူတွေလည်း ကြောင်အမ်းသွားတာ။ ခဏကြာ တော့မှ ထိုးခံလိုက်ရတဲ့ သူတို့လူကိုခေါ်ပြီး ကားမောင်းပြီး ထွက်ပြေးသွားကြတယ်” ဟု သန်လျင် ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် ရွေးတုအစိုးရစစ်တပ်နှင့် လက်အောက်ခံများ၏ ဥပဒေမဲ့ အတင်းအဓမ္မ ဖမ်းဆီးမှုများ ဖြစ်ပွားနေသဖြင့် လူငယ်များအပါအဝင် ပြည်သူများအနေဖြင့် ညအချိန်နှင့် လူခြေတိတ်ဆိတ်ရာ လမ်းခရီးသွားလာရာတွင် အထူးသတိပြုကြရန်နှင့် အရေးကြုံလာပါက အချင်းချင်း စုပေါင်းကာကွယ်ရန် နှိုးဆော်မှုများ ရှိလာသည်။
ပုံစာ-စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၃၀) အတွက် စုဆောင်းခြင်းခံထားရသူများ၊