ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၆ရက်
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်နှင့် ကန့်ဘလူမြို့နယ်အစပ်ရှိ ကျေးရွာများအတွင်းသို့ ရွေးတုအစိုးရ စစ်တပ်၏ စစ်ကြောင်းများ ဝင်ရောက်လာပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ဆက်တိုက်လုပ်ဆောင်နေသဖြင့် ဒေသခံပြည်သူများ အိုးအိမ်စွန့်ခွာ ထွက် ပြေးနေရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ဝါးရုံခုံ-ကြို့ခုံဘက်မှ စစ်တပ် စစ်ကြောင်းသည် ယနေ့ နိုဝင်ဘာလ ၁၆ ရက် နံနက်ပိုင်းက တာရွာသို့ ရောက်ရှိနေပြီး စာသင်ကျောင်းပတ်ဝန်းကျင်တွင် တပ်စွဲနေရာယူထားကြောင်း Kawlin Revolution (KR) ထံမှ သိရသည်။
“သင်တောမှာ ချန်ခဲ့တဲ့တပ်တွေက အိမ်တွေကို စပြီး မီးရှို့နေပါပြီ။ ဇော်ချောင်းဘက် ခွဲထွက်သွားတဲ့ စစ်ကြောင်းကလည်း အိမ်တွေကို မီးရှို့နေကြပါတယ်” ဟု ကောလင်းဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။

အလားတူ ဥတုံးပင်-တောင်ပုံဘက်သို့ ရောက်ရှိနေသည့် စစ်ကြောင်းသည်လည်း ဥတုံးပင်ရွာ မြောက်ဘက် သစ်တောခြံအနီးသို့ ရောက်ရှိနေပြီး ဒေသခံပြည်သူတချို့ကို ဖမ်းဆီးထားကြောင်း သိရသည်။
ထို့ပြင် ယမန်နေ့ နိုဝင်ဘာ ၁၅ ရက် နံနက် ၇ နာရီဝန်းကျင်က ကိုင်းမ-မိဿလ္လင်ကုန်းရွာသို့ ရောက်ရှိ ခဲ့သော စစ်ကြောင်းသည် ည ၇ နာရီ ၃၀ မိနစ်ခန့်တွင် သင်တောနှင့် ပေါက်ဆိန်ကုန်း ကျေးရွာဘက်သို့ ဆက်လက်ထွက်ခွာခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ဇော်ချောင်းကျေးရွာရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) က အတည် ပြု ထုတ်ပြန်ထားသည်။
ရွေးတုအစိုးရစစ်တပ်သည် ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ ည ၇ နာရီခန့်ကလည်း ကောလင်း မြို့နယ်တောင်ပိုင်းရှိ ကိုးတောင်ဘို့ရွာ ပတ်လည်ကို Y-12 လေယာဉ်ဖြင့် ၉ ကြိမ်တိုင်တိုင် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ဗုံးအလုံးရေ ၃၀ ကျော် ကျရောက်ပေါက်ကွဲခဲ့သည်။ ထို့အတူ ယင်းနေ့ မွန်းလွဲ ၁ နာရီခန့်ကလည်း ကောလင်းမြို့ထဲမှနေ၍ ကောလင်းအနောက်ခြမ်းဘက်သို့ ဟောင်ဝှစ်ဇာ လက်နက်ကြီး ဖြင့် လှမ်းပစ်ခတ်ခဲ့သော်လည်း ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။
အဆိုပါ စစ်တပ်စစ်ကြောင်းများသည် အင်းတော်-ထီးချိုင့်လမ်းမှတစ်ဆင့် ကောလင်းမြို့နယ်ဘက်သို့ နိုဝင် ဘာလ ၁၃ ရက်နေ့က စတင် ဝင်ရောက်လာခြင်းဖြစ်ပြီး အင်းတော်၊ ကောလင်းနှင့် မော်လူးမြို့နယ် များအတွင်း တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးနောက် လက်ရှိတွင် ကန့်ဘလူမြို့နယ်အစပ် ဒေသများအတွင်းသို့ ထိုးဖောက်ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးမှုများ ကျူးလွန်နေခြင်း ဖြစ်သည်။
ကောလင်းနှင့် ကန့်ဘလူမြို့နယ်အစပ် ဒေသများတွင်စစ်တပ်၏ စစ်ကြောင်းထိုးမှုများ၊ လေကြောင်း တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေသဖြင့် အဆိုပါ ဒေသများအတွင်း နေထိုင်ကြသည့် ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်နှင့် စစ်ရေးသတိ အထူးရှိကြရန် တော်လှန်ရေးတပ်ဖွဲ့ များက နှိုးဆော်ထား သည်။
ဓာတ်ပုံ – လူမှုကွန်ရက်