ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၆ ရက်

ရန်ကုန်မြို့တွင် ပြီးခဲ့သည့် တစ်ပတ်အတွင်း ရွေးတုအစိုးရစစ်တပ်၏ မတရားဖမ်းဆီးခံရသူ ၁၁ ဦး ထပ်မံရှိလာခဲ့ရာ စက်တင်ဘာလကုန်ပိုင်းမှ စတင်၍ တစ်လခွဲကျော်ကာလအတွင်း ရန်ကုန်တိုင်း၌ ဖမ်းဆီးခံရသူ စုစုပေါင်း ၆၀ ကျော်အထိ ရှိလာပြီဖြစ်ကြောင်း ဒေသတွင်း သတင်းဖော်ပြချက်များနှင့် ဧရာဝတီတိုင်းမ်၏ မှတ်တမ်းများအရ သိရသည်။

Rangoon Scout Network (RSN) ၏ ထုတ်ပြန်ချက်အရ နိုဝင်ဘာလ ၉ ရက်မှ ၁၅ ရက်အတွင်း ရန်ကုန်မြို့ရှိ မြို့နယ် ၄ ခုမှ ပြည်သူ ၁၁ ဦး ရွေးတုအစိုးရစစ်တပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။ အဆိုပါ ဖမ်းဆီးခံရသူ ၁၁ ဦးထဲတွင် လှိုင်မြို့နယ်မှ ၇ ဦး၊ စမ်းချောင်းမြို့နယ်မှ ၂ ဦး၊ မြောက်ဥက္ကလာပမြို့နယ်မှ ၁ ဦးနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်မှ ၁ ဦးတို့ ပါဝင်ပြီး ၎င်းတို့အနက် ၈ ဦးမှာ လမ်းပေါ်တွင် သွားလာနေစဉ် ရမ်းသမ်းဖမ်းဆီးခံရခြင်းဖြစ်ကာ ၃ ဦးမှာ နေအိမ်အတွင်း ဝင်ရောက်ရှာဖွေ ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ထို့အပြင် နိုဝင်ဘာလ ၇ ရက်နေ့ကလည်း ကြည့်မြင်တိုင်နှင့် လှိုင်မြို့နယ်တို့တွင် လမ်းပေါ်၌ ဖမ်းဆီးခံရသူ နှစ် ဦးနှင့် နိုဝင်ဘာလ ၈ ရက်နေ့တွင် လှိုင်မြို့နယ်၌ နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခံရသူ နှစ် ဦး ရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်မှ ၈ ရက်အတွင်းကလည်း ရန်ကုန်တွင် ရွေးတုအစိုးရစစ်တပ်၏ ဖမ်းဆီးခံရသူ ၁၂ ဦး ရှိခဲ့ရာ နိုဝင်ဘာလ ပထမနှစ်ပတ်အတွင်း၌ပင် ဖမ်းဆီးခံရသူ ၂၀ ကျော်အထိ ရှိခဲ့သည်။ အလားတူ အောက်တိုဘာလ ၁၂ ရက်မှ ၁၇ ရက်အတွင်းက ရန်ကုန်တိုင်းရှိ မြို့နယ် ၈ မြို့နယ်မှ လူ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရသကဲ့သို့ စက်တင်ဘာလ ၂၈ ရက်မှ အောက်တိုဘာလ ၄ ရက်အတွင်းကလည်း မြို့နယ် ၁၀ ခုထက်မနည်းမှ လူငယ် ၃၄ ဦး အရပ်ဝတ်အဖွဲ့များ၊ စစ်တပ်နှင့် ရဲများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း ဧရာဝတီတိုင်းမ်၏ သတင်းမှတ်တမ်းများအရ သိရသည်။

စစ်မှုထမ်းရန်အတွက် လူဖမ်းဆီးမှုများကို ရွေးတုအစိုးရစစ်တပ်နှင့် လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့များက လကုန်ခါနီး တစ်ပတ်အလိုနှင့် လကုန်ပြီး တစ်ပတ်တို့တွင် အဓိက ပိုမိုပြုလုပ်လေ့ရှိသဖြင့် ရန်ကုန်နေ လူငယ်များနှင့် ပြည်သူများအနေဖြင့် အဆိုပါ ရက်များအတွင်း လုံခြုံရေးအထူးသတိပြုရန် လိုအပ်လျက်ရှိသည်။

ဓာတ်ပုံ- ရွေးတုလက်အောက်ခံ ရဲများက ပြည်သူများက်ို စစ်ဆေးနေစဥ်