‎ဧရာဝတီတိုင်းမ်
‎နိုဝင်ဘာ ၁၆ ရက်

‎ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်နေပြီး စစ်တပ်က မြေပြင်မှထိုးစစ်ဆင်တိုက်ခိုက်သည့်အပြင် လေကြောင်းမှပါ အပြင်အထန်တိုက်ခိုက်နေကြောင်း သိရသည်။

‎ယနေ့ နိုဝင်ဘာ ၁၆ရက်၊ နံနက်ပိုင်းအချိန်ထိ အမြင့်ကျွန်းမှ ထိုးစစ်ဆင်နေသည့် စစ်တပ်နှင့် AAတို့ မင်းချောင်းတံတားအနီးတွင်တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

‎”စစ်တွေတိုက်ပွဲက AAအနေနဲ့ တန်ပြန်ထိုးစစ်ဆင်ရာကနေ အရှိန်ရလာပြီလို့ပြောရမယ်။ ရွှေမင်းဂံကတော့ အလှုပ်ဆုံးပြောရမယ် ခမောင်းတော၊ ဝါဘို၊ ငပြီကျွန်း သုံးခုကို တပ်ဖြည့် ပစ်ကူပေးနေတာ” ဟု စစ်ရေးသတင်းရင်းမြစ်ကဧရာဝတီတိုင်းမ်ကို ပြောသည်။

‎ထို့အပြင် မြို့အနီးပတ်ဝန်းကျင်တွင် ယနေ့နံနက်ပိုင်းအထိ Y12လေယာဉ်များ ပျံဝဲကင်းထောက်နေပြီး ယမန်နေ့ နိုဝင်ဘာ ၁၅ရက်နေ့က စစ်တွေမြို့နယ်အတွင်းကို တစ်နေ့လုံး လေကြောင်းတိုက်ခိုက်မှုပြုလုပ်ထားသည်ဟု သိရသည်။

‎ပြီးခဲ့သည့် နိုဝင်ဘာ ၁၃မှစကာ ကွမ်းတောင်ဘက်ကို ဦးတည်သည့် ထိုးစစ်ကို စစ်တပ်က အရှိန်မြှင့်ပြီးနောက် အမြင့်ကျွန်း၊ ခမောင်းတောနှင့် ဝါဘိုဘက်တွင် တိုက်ပွဲ ပိုမိုပြင်းထန်လာသည်။

‎ကွမ်းတောင်ထိုးစစ်အတွက် စစ်တပ်က တပ်မ ၁၀၁၏ နည်းဗျူဟာ နှစ်ခုအထိ ထုတ်သုံးလာပြီး ဒရုန်းအထူးစစ်ဆင်ရေး တပ်ဖွဲ့များကိုပါ အသုံးပြုလာခြင်းဖြစ်သည်။ မင်းချောင်းတံတားကို ကျော်လွန်ထိုးစစ်ဆင်မှုများလည်းရှိလာသည်ဟု သတင်းရင်းမြစ်အချို့ကအတည်ပြုသည်။

‎စစ်တပ်က AAနှင့်ရင်ဆိုင်နေရသည့် ရခိုင်ပြည်နယ်တွင်းနှင့် ရခိုင်အစပ်တိုက်ပွဲများတွင် ထိုးစစ်နှင့်တိုက်စစ်များဖန်တီးလာပြီး ရခိုင်ပြည်နယ်အတွင်း AAစိုးမိုးနယ်မြေများရှိ ဆက်သွယ်ရေး တံတားများကိုပါ ဖျက်ဆီးမှုများ ပြုလုပ်လာသည်။

‎၄၉၂၆ ခေါ် ရန်နိုင်အောင်စစ်ဆင်ရေးတွင် မအောင်မြင်ခဲ့သည့် စစ်ရေးရှုံးနိမ့် တပ်လန်ခဲ့မှုကို ယခု ဒုတိယအကြိမ်အဖြစ် အင်အားထောင်ချီထပ်ဖြည့်ကာ ထိုးစစ်ဆင်လာခြင်းဖြစ်သည်။