ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၆ ရက်

 

ဒေသတွင်း ရပ်ရွာအခြေပြု သဘာဝဘေးအန္တရာယ် ကြံ့ကြံ့ခံနိုင်ရေး လုပ်ငန်းစဉ်များ တိုးတက်စေရန် မဆုတ် မနစ် ကြိုးပမ်းဆောင်ရွက်ခဲ့မှုကြောင့် မြန်မာနိုင်ငံမှ ဘူမိဗေဒနှင့် ငလျင်ပညာရှင် ဒေါ်လှလှအောင် အား ၂၀၂၆ ခုနှစ်အတွက် အာဆီယံဆု (ASEAN Prize) ချီးမြှင့်လိုက်ကြောင်း သိရသည်။

 

ဖိလစ်ပိုင်နိုင်ငံတွင် ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက်နေ့က ကျင်းပသည့် (၄၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများ၏ ဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံ မြေငလျင်ကော်မတီ၏ နာယကလည်းဖြစ်သူ အသက် ၇၉ နှစ်အရွယ် ဒေါ်လှလှအောင်ထံ အာဆီယံဆုတံဆိပ်ကို ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ (Ferdinand Romualdez Marcos Jr.) နှင့် အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာ ကာအို ကင်မ် ဟွန်း (Dr. Kao Kim Hourn) တို့က ပေးအပ်ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

ဒေါ်လှလှအောင်သည် သိပ္ပံဆိုင်ရာ သုတေသနပြုချက်များနှင့် ရပ်ရွာလူထု စွမ်းဆောင်ရည် မြှင့်တင်ရေးတို့ကို ပေါင်းကူးပေးခြင်းဖြင့် သဘာဝဘေးအန္တရာယ် ကြံ့ကြံ့ခံနိုင်ရေး လုပ်ငန်းစဉ်များ တိုးတက်စေရန် ကြိုးပမ်းခဲ့သည့်အပြင် သိပ္ပံပညာရပ်ဆိုင်ရာ အသိပညာများကို လက်တွေ့ကျပြီး ရပ်ရွာလူထုကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်သည့် ဖြေရှင်းနည်းများအဖြစ် ပြောင်းလဲဖော်ဆောင်ပေး နိုင်ခဲ့သူ ဖြစ်သည်။

 

“သူမရဲ့ ထူးခြားပြောင်မြောက်တဲ့ စွမ်းဆောင်ချက်တွေဟာ မြန်မာနိုင်ငံက လူမှုအသိုက်အဝန်း တွေကိုသာမက သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးနဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အာဆီယံရဲ့ ကျယ်ပြန့်တဲ့ ဦးစားပေးလုပ်ငန်းစဉ်တွေကိုပါ ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။ ဒါဟာ ပြည်သူကို ဗဟိုပြုပြီး ပြည်သူ့အကျိုးရှေးရှုတဲ့၊ ကြံ့ကြံ့ခံနိုင်စွမ်းရှိတဲ့ အာဆီယံအသိုက်အဝန်း တည်ဆောက်ရေး ဆိုတဲ့ ဘုံရည်မှန်းချက်တွေကို ထင်ဟပ်စေပါတယ်” ဟု အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာ ကာအို ကင်မ် ဟွန်းက ဂုဏ်ပြုအမှာစကား ပြောကြားသည်။

 

ဒေါ်လှလှအောင်၏ ကြိုးပမ်းအားထုတ်မှုများသည် မြန်မာနိုင်ငံနှင့် အာဆီယံဒေသတစ်ဝန်း ငလျင်ဘေး ကြိုတင်ပြင်ဆင်မှု အားကောင်းလာစေရန်၊ ဒေသခံများ၏ စွမ်းဆောင်ရည် မြင့်မားလာစေရန်နှင့် ပိုမိုဘေးကင်းလုံခြုံသည့် လူ့အဖွဲ့အစည်းများ ပေါ်ထွန်းလာစေရန် များစွာအထောက်အကူပြုခဲ့ကြောင်း သိရသည်။

“အာဆီယံဆုကို လက်ခံရရှိခြင်းဟာ ကျွန်မတို့ရဲ့ စွမ်းဆောင်ချက်တွေကို အမှန်တကယ် တိုင်းတာ တဲ့နေရာမှာ ကျွန်မတို့ ဘာတွေအောင်မြင်ခဲ့သလဲ ဆိုတာထက် လူမှုအသိုက်အဝန်းအပေါ် ဘယ်လို အပြောင်း အလဲတွေ ဖန်တီးပေးနိုင်ခဲ့သလဲ ဆိုတာက ပိုအရေးကြီးကြောင်း ပြန်လည်သတိပေးလိုက် တာပဲ ဖြစ်ပါတယ်” ဟု ဆုရရှိသူ ဒေါ်လှလှအောင်က ပြောကြားခဲ့သည်။

 

အာဆီယံဆုသည် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရာတွင် ထူးချွန်ပြောင်မြောက်စွာ စွမ်းဆောင်နိုင်ပြီး အာဆီယံအသိုက်အဝန်း ထူထောင်ရေးစိတ်ဓာတ်ကို ပျိုးထောင်ပေးနိုင်သည့် လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများကို အသိအမှတ်ပြု ချီးမြှင့်ခြင်းဖြစ်ပြီး ဆုရရှိသူသည် အာဆီယံဆုတံဆိပ် နှင့်အတူ ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၂၀,၀၀၀ ကို ရရှိမည် ဖြစ်သည်။

 

၂၀၁၈ ခုနှစ်တွင် စတင်ချီးမြှင့်ခဲ့သည့် အဆိုပါဆုကို အာဆီယံအတွင်းရေးမှူးချုပ်ရုံးက စီမံခန့်ခွဲပြီး Temasek Foundation က အဓိက ပံ့ပိုးကူညီထားခြင်းဖြစ်ကာ ယခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံမှ Ayala Foundation ကလည်း ပူးပေါင်းပံ့ပိုးပေးထားသည်။

 

ဒေါ်လှလှအောင်သည် စစ်ကိုင်းပြတ်ရွေ့ကြော အပါအဝင် မြန်မာ့မြေထုလွှာ ရွေ့လျားမှုနှင့် ငလျင် ဗေဒဆိုင်ရာ နိုင်ငံတကာ သုတေသနစာတမ်းပေါင်း ၆၀ ကျော်ကို ရေးသားပြုစုခဲ့သူဖြစ်ပြီး ရန်ကုန်တက္ကသိုလ်မှ ဘူမိဗေဒ မဟာသိပ္ပံဘွဲ့ (M.Sc.) နှင့် အဆင့်မြင့် မြေပုံဆွဲပညာ ဒီပလိုမာ (Diploma in Advanced Cartography) တို့ကို ရရှိခဲ့သည်။

 

၁၉၆၉ ခုနှစ်မှ ၁၉၉၃ ခုနှစ် ဩဂုတ်လအထိ ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဌာနတွင် တာဝန်ထမ်း ဆောင်ခဲ့ကာ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း (MES) လက်အောက်ရှိ မြန်မာနိုင်ငံ မြေငလျင်ကော်မတီ (MEC) တွင် အကြီးတန်းသုတေသီနှင့် နာယကအဖြစ် ကာလရှည်ကြာ ဦးဆောင်ပါဝင်ခဲ့သူ ဖြစ်သည်။

 

ဓာတ်ပုံ – ASEAN