ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၆ ရက်

 

အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာထရီဆာလာဇာရို၏ အောက်တိုဘာ ၂၈ ရက်နေ့ ခရီးစဉ်အတွင်း ရွေးတုအစိုးရစစ်တပ် လမ်းကြောင်းမှတစ်ဆင့် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ခဲ့မှုအပေါ် ဝေဖန်ကြောင်း မြန်မာ့ အမျိုးသမီးအဖွဲ့အစည်း ၁၃ ဖွဲ့က ထုတ်ပြန်သည်။

 

အာဆီယံအထူးကိုယ်စားလှယ်သည် ရွေးတုအစိုးရစစ်တပ် လက်အောက်ခံ ရှမ်းပြည်နယ်၊ တောင်ကြီး မြို့သို့ စစ်တပ်လမ်းကြောင်းမှတစ်ဆင့် သွားရောက်ကာ လူသားချင်းစာနာမှု အကူအညီများ ပေးအပ် ခဲ့ခြင်းမှာ အာဆီယံ၏ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ဒေသတွင်းလုပ်ငန်းစဉ် (ASEAN RPA-WPS) ကတိကဝတ်များကို လက်တွေ့ဖော်ဆောင်ရန် ပျက်ကွက်ခြင်းဖြစ်ကြောင်း အမျိုးသမီး အဖွဲ့များက ထောက်ပြသည်။

 

“အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ် တကယ်လိုအပ်နေသူထံ မရောက်ပါဘူး။ တကယ့်လူမှု အဖွဲ့အစည်းများလည်း မသိကြပါဘူး။ စစ်အသိုင်းအဝိုင်းဆီ သူတို့ဦးဆောင်လိုက်ပြရာဆီပဲ သွားခဲ့တာမို့ တကယ့်စစ်ဘေးရှောင်ဆီ မရောက်ဘဲ သာမန်မိဘမဲ့ဂေဟာလိုမျိုးသာ စစ်ဘေးရှောင်သတ်မှတ်ပြီး ကူညီပေးခဲ့တာက သက်သေပါပဲ” ဟု မြန်မာနိုင်ငံ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး မဟာမိတ်အဖွဲ့ (M-WPS) ၏ မဟာမိတ်ညှိနှိုင်းရေးမှူး မိချယ်ရီစိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယခုကဲ့သို့ ဝေဖန်ရှုတ်ချမှုများနှင့်အတူ အာဆီယံအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တိုင်းရင်းသားအုပ်ချုပ်ရေးအဖွဲ့အစည်းများကို အသိအမှတ်ပြုရန်၊ ဖက်ဒရယ်ယူနစ်များမှ အမျိုးသမီးများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပုံမှန်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် အိတ်ဖွင့်ပေး စာတွင် အဓိက တောင်းဆိုထားသည်။

 

ထို့ပြင် လူသားချင်းစာနာမှု အကူအညီများကို လက်နက်သဖွယ် အသုံးချနေသည့် ရွေးတုအစိုးရစစ်တပ် လက်အောင်မှတစ်ဆင့် မပေးဘဲ နယ်စပ်ဖြတ်ကျော် လမ်းကြောင်းမှတစ်ဆင့် မြေပြင်ရှိ အမျိုးသမီး ဦးဆောင်သော အဖွဲ့အစည်းများ၊ ဒေသခံကူညီရေးအဖွဲ့များနှင့် နယ်စပ်အခြေစိုက် လူသားချင်းစာနာမှု အဖွဲ့အစည်းများမှတစ်ဆင့် အမှန်တကယ် လိုအပ်နေသူများထံ တိုက်ရိုက်ပေးအပ်ရန်လည်း တိုက်တွန်း တောင်းဆိုထားသည်။

 

“မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်ရဲ့ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီပေးရေးအကြောင်းပြတဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ ASEAN RPA on WPS အပေါ် ပျက်ကွက်မှု၊ မြန်မာနိုင်ငံရဲ့ ဖက်ဒရယ်ဒီမိုကရေစီကို လိုလားတဲ့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားတဲ့အဖွဲ့များ၊ ကွန်ရက်တွေရဲ့ သဘောထားတွေကို လျစ်လျူရှုမှုတွေနဲ့ ပတ်သက်ပြီး အိတ်ဖွင့်ပေးစာကို ပြင်ဆင်ထား ပါတယ်” ဟု မဟာမိတ်ညှိနှိုင်းရေးမှူးက ဆက်လက်ပြောကြားသည်။

 

အိတ်ဖွင့်ပေးစာတွင် အာဆီယံဒေသတွင်း တိမ်းရှောင်နေရသည့် အမျိုးသမီး လူ့အခွင့်အရေး ကာကွယ် စောင့် ရှောက်သူများနှင့် ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများအတွက် နိုင်ငံဖြတ်ကျော် ကာကွယ်ရေး ယန္တရားများ ဖော်ဆောင်ပေးရန်၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသူများကို ကူညီရန်နှင့် အမျိုးသမီး ဦးဆောင်သည့် ကာကွယ် ရေးလုပ်ငန်းများအတွက် ရေရှည်ရန်ပုံငွေ ပံ့ပိုးပေးရန်တို့ကိုလည်း ထည့်သွင်း တောင်းဆိုထားကြောင်း သိရသည်။

 

ထို့အတူ M-WPS နှင့် မိတ်ဖက်အမျိုးသမီးအဖွဲ့ ၁၂ ဖွဲ့တို့ ပူးပေါင်း၍ အာဆီယံထိပ်သီးအစည်းအဝေးသို့ အာဏာလု စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်အား တက်ရောက်ခွင့် ပိတ်ပင်ခဲ့သည့် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဆုံးဖြတ်ချက်ကို အပြည့်အဝ ကြိုဆိုကြောင်းလည်း ထုတ်ပြန်ကြေညာ ထားသည်။

 

ဓာတ်ပုံ – အင်တာနက်