ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၆ ရက်
စစ်ပွဲဒဏ်သင့် ယူကရိန်းနိုင်ငံသို့ ကြိုတင်အသိပေးခြင်းမရှိဘဲ သွားရောက်ခဲ့တဲ့ ဗြိတိန်မင်းသား ဟယ်ရီက ဒဏ်ရာရ ယူကရိန်းစစ်သည်ဟောင်းတွေကို လူ့အသိုင်းအဝိုင်း စံပြပုဂ္ဂိုလ်တွေအဖြစ် ချီးကျူးလိုက်ပါတယ်။
ယခုခရီးစဉ်ဟာ ရုရှားကျူးကျော်စစ်ပွဲနောက်ပိုင်း ယူကရိန်းနိုင်ငံသို့ စတုတ္ထအကြိမ်မြောက် လာရောက်ခြင်းဖြစ်ပြီး ဒဏ်ရာရ စစ်သည်တွေနဲ့ အရပ်သားတွေကို ကုသပေးနေတဲ့ လီဗစ်မြို့ရှိ အရိုးဆေးခန်းကို ဒုတိယအကြိမ် သွားရောက်ခဲ့ပါတယ်။
အာဖဂန်နစ္စတန်စစ်ပွဲမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဗြိတိန်မင်းသားဟာ စနေနေ့က ကျင်းပတဲ့ ရပ်ဘီပွဲနဲ့ ပစ်ကယ်ဘောပွဲတွေကို အားပေးခဲ့ပါတယ်။
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂမ်မြို့မှာ ကျင်းပမယ့် နောင်နှစ် Invictus Games ပွဲအတွက် ယူကရိန်းကိုယ်စားပြု ယှဉ်ပြိုင်မယ့်သူတွေကို ရွေးချယ်နေတာဖြစ်ပြီး မင်းသားကိုယ်တိုင် ပါဝင်ကစားခဲ့ကာ သာမန်ပြည်သူတွေနဲ့ ရင်းရင်းနှီးနှီး နေတတ်ပုံကို ဒေသခံတွေက ချီးကျူးခဲ့ပါတယ်။
ယူကရိန်းပြည်သူတွေရဲ့ ကြံ့ကြံ့ခိုင်နိုင်ရည်ရှိမှုကို ချီးကျူးခဲ့ပြီး စစ်ပွဲတွေ မြန်မြန်ပြီးဆုံးသွားဖို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့သလို ကျန်တဲ့ကမ္ဘာကြီးကလည်း ဆက်လက် ထောက်ပံ့သွားဦးမှာဖြစ်ပြီး စစ်ပွဲကို အနိုင်ရပြီးသားဖြစ်တယ်လို့ ၎င်းက အားပေးစကား ဆိုခဲ့ပါတယ်။
ရုရှားတပ်ဖွဲ့တွေနဲ့ တိုက်ပွဲမှာ ခြေထောက်နှစ်ဘက်လုံး ဆုံးရှုံးခဲ့ရတဲ့ ယူကရိန်းစစ်သား ကွန်စတန်တီန် ဗလာဆင်ကိုလည်း မင်းသားက တွေ့ဆုံခဲ့ပြီး လေးစားဂုဏ်ယူမှုတွေရှိကြောင်း ပြောကြားခဲ့ပါတယ်။
စစ်ပွဲဒဏ်ကြောင့် အိုးအိမ်စွန့်ခွာရသူတွေနဲ့ ဒဏ်ရာရ စစ်မှုထမ်းဟောင်းတွေအတွက် နိုင်ငံတော်က ဆက်လက် ထောက်ပံ့ကူညီမှုတွေ ပေးသွားဖို့ လိုအပ်ကြောင်း ၎င်းက ပြောပါတယ်။
ဗြိတိန်ဘုရင့်မိသားစုဝင်တစ်ဦးဖြစ်ပေမယ့် သာမန်ပြည်သူများအလယ် ဆင်းသက်ကာ စစ်ဘေးဒဏ်သင့် ပြည်သူတွေနဲ့ ဒဏ်ရာရ စစ်သည်တွေကို နှစ်သိမ့်အားပေးခဲ့တဲ့ မင်းသားဟယ်ရီရဲ့ ခရီးစဉ်ဟာ နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်။
News: Associated Press
Ref; Prince Harry salutes wounded Ukrainian veterans as ‘role models’ on surprise Ukraine visit