ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၆ ရက်
ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသည့် အားကောင်းသော မုန်တိုင်းငယ်အရှိန်ကြောင့် ယနေ့ နိုဝင်ဘာလ ၁၆ ရက်မှ ၂၀ ရက်နေ့အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးထစ်ချုန်းရွာသွန်းပြီး လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
မုန်တိုင်းငယ်အရှိန်ကြောင့် လာမည့် ၅ ရက်အတွင်း တနင်္သာရီတိုင်း၊ ကရင်နီ(ကယား) ပြည်နယ်၊ ကရင် ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာသွန်းမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ)က ယနေ့ နိုဝင်ဘာ ၁၆ ရက်တွင် သတိပေး ထုတ်ပြန်ထားသည်။
ထို့အတူ နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ တွင်လည်း နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။

ပင်လယ်ပြင်အခြေအနေအရ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအမြင့် ၈ ပေမှ ၁၀ ပေခန့်အထိ မြင့်တက်နိုင်ကြောင်း မိုး/ဇလက ထုတ်ပြန်ထားသည်။
သို့ဖြစ်ပါ၍ ပြည်တွင်းလေကြောင်း ပျံသန်းရေးလိုင်းများနှင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များနှင့် သင်္ဘောများအနေဖြင့် ရာသီဥတု အခြေအနေကို အထူးသတိပြု ရှောင်ရှားကြရန် လိုအပ်လျက်ရှိသည်။
ယခုကဲ့သို့ နိုဝင်ဘာလအတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်နိုင်သဖြင့် တောင်ပေါ်ဒေသနှင့် မြစ်ချောင်းအနီး နေထိုင်ကြသူများအနေဖြင့် ရုတ်တရက် ရေကြီး ခြင်းနှင့် မြေပြိုမှုအန္တရာယ်ကို ကြိုတင်သတိပြုကြရန်နှင့် တောင်သူများအနေဖြင့်လည်း ရိတ်သိမ်းပြီး စပါးနှင့် သီးနှံများ မိုးစိုပျက်စီးမှု မရှိစေရေး ကြိုတင်ကာကွယ်ထားကြရန် လိုအပ်ကြောင်း သိရသည်။
ဓာတ်ပုံ – မိုး/ ဇလ