ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၆ ရက်

ငါးနှစ်ကြာ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့ ချမှတ်ထားတဲ့ အာဆီယံ တူညီဆန္ဒ (၅) ရပ် အပေါ် တိုးတက်မှုတွေ လုပ်ပြနိုင်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကိုယ်စားပြုခွင့် အပြည့်အဝ ပြန်ပေးဖို့ တဖြည်းဖြည်း စဉ်းစားမယ်လို့ အာဆီယံခေါင်းဆောင်တွေက တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ကျင်းပနေတဲ့ ထိပ်သီးအစည်းအဝေးမှာ အဖွဲ့ဝင် ၁၁ နိုင်ငံက ခေါင်းဆောင်တွေဟာ လောလောဆယ်မှာ မြန်မာကို ထိပ်သီးဆွေးနွေးပွဲနဲ့ နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးတွေ တက်ခွင့်ပိတ်ထားတဲ့ မူဝါဒကို ဆက်လက်ထားရှိဖို့ သဘောတူခဲ့ပါတယ်။

အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်အပေါ် ရေရှည်တည်တံ့ပြီး ခိုင်မာတဲ့ တိုးတက်မှုတွေ မြန်မာက လုပ်ဆောင်ပြနိုင်ရင် အဆင့်လိုက် တိုးတက်မှုအပေါ် အခြေခံတဲ့ ချိန်ညှိထိတွေ့ဆက်ဆံမှုတွေ လုပ်သွားမယ်လို့ ဆိုပါတယ်။

မနီလာ ထိပ်သီးဆွေးနွေးပွဲရဲ့ ထူးခြားတဲ့ ခြေလှမ်းတစ်ခုအနေနဲ့ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ မြန်မာနိုင်ငံနဲ့ နှစ်နိုင်ငံချင်း သီးခြားထိတွေ့ဆက်ဆံမှုတွေ လုပ်ဆောင်တာကို အာဆီယံအဖွဲ့က ထောက်ခံအားပေးတဲ့ ပုံစံမျိုး ပြသလာပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ထိုင်းနိုင်ငံနဲ့ အခြားအာဆီယံ အဖွဲ့ဝင်အချို့ဟာ မြန်မာနဲ့ ထိတွေ့ဆက်ဆံမှုတွေ တိုးမြှင့်လာခဲ့တာကြောင့် အဆင့်မြင့် အစည်းအဝေးတွေ တက်ခွင့်ပိတ်ပင်ထားမှုကို ဖြေလျှော့ပေးဖို့ အာဆီယံအပေါ် ဖိအားအသစ်တွေ ရှိလာခဲ့ပါတယ်။

ဘုံသဘောတူညီချက် (၅) ရပ် အကောင်အထည်ဖော်မှုမှာ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ ရရှိစေဖို့ အာဆီယံ ဥက္ကဋ္ဌနဲ့ တိုင်ပင်ပြီး သက်ဆိုင်သူအားလုံးနဲ့ အပြုသဘောဆောင် ထိတွေ့ဆက်ဆံမယ့် အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံချင်းစီရဲ့ ကြိုးပမ်းမှုတွေကို အားပေးတယ်လို့ ခေါင်းဆောင်တွေက ပူးတွဲဆုံးဖြတ်ချက်မှာ ဖော်ပြပါတယ်။

မြန်မာစစ်အုပ်စုက အာဆီယံနဲ့ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ဖို့ လိုလားနေပြီး ၂၀၂၁ ခုနှစ်၊ အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ကြောင့် လူတစ်သိန်းခန့် သေဆုံးကာ လူ ၃ ဒသမ ၅ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

ရွေးတုသမ္မတ မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ တရုတ်၊ အိန္ဒိယနဲ့ ရုရှားတို့ဆီက အကူအညီတွေ ရရှိထားသလို မကြာသေးမီ လပိုင်းတွေအတွင်း နိုင်ငံတကာ အသိအမှတ်ပြုမှု ပိုမိုရရှိလာပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက နှစ်ပေါင်းများစွာ အထီးကျန်ထားမှုကို ပြောင်းလဲလိုက်ချိန်မှာ အမေရိကန် တာဝန်ရှိသူတွေနဲ့ လျှို့ဝှက်ဆွေးနွေးမှုတွေ အပါအဝင် နိုင်ငံတကာ ထိတွေ့ဆက်ဆံမှုတွေ တိုးမြင့်လာခဲ့ပါတယ်။

News: CNA
Ref; ASEAN keeps Myanmar restrictions but opens path to political return