ဆောင်းပါးရှင် – TBR Commentary
နိုဝင်ဘာ ၁၆ ရက်
မင်းအောင်လှိုင်က သူ့သား အောင်ပြည့်စုံအတွက် နည်းလမ်းမျိုးစုံသုံးပြီး အာဏာလွှဲပေးနိုင်ခြေကို ခြေ/ဥပြင်ဆင်ရေး ၄၃ ချက်နဲ့ပထမပိုင်းမှာ ဆန်းစစ်ပြီးတဲ့နောက် စာဖတ်သူရဲ့ စိတ်ထဲမှာ အမြင်နှစ်မျိုး ကွဲပြားနေနိုင်ပါတယ်။
ပထမ အုပ်စုကတော့ လက်တွေ့ မြေပြင်ကို ကြည့်တဲ့ အုပ်စု ဖြစ်ပါတယ်။ ဒီအုပ်စုကတော့ မြေပြင်မှာ စစ်တပ်က တနေ့တခြားစစ်ရှုံးနေတာ၊ တပ်တွင်းမှာတောင် မတည်ငြိမ်တာ၊ သားဖြစ်သူကို အာဏာလွှဲဖို့ဆိုတာ မင်းအောင်လှိုင်ရဲ့ဖြစ်မလာနိုင်တဲ့ စိတ်ကူးယဉ်မှု သက်သက်ပဲလို့ တွေးနေကြပါလိမ့်မယ်။
ဒုတိယအုပ်စုကတော့ ဥပဒေနောက်ခံကို သဘောပေါက်တဲ့အုပ်စု ဖြစ်ပါတယ်။ ဒီအုပ်စုကတော့ စစ်တပ်အာဏာထက် သမ္မတရဲ့အခြေခံဥပဒေအာဏာကို ဘာလို့ ဒီလောက်ထိ ဇွတ်အတင်း ပြင်နေရသလဲဆိုတဲ့ လျှို့ဝှက်ချက်က ဒါကို ဆိုပြီးသဘောပေါက် စပြုနေလောက်ပါပြီ။ စာဖတ်သူ ဘယ်အုပ်စုထဲမှာ ရှိနေသလဲ စိတ်ထဲမှာမှတ်ထားပေးပါ။
ဘာကြောင့်လဲဆိုတော့ အခုနောက်ထပ် တင်ပြမယ့် ပုဒ်မ ၁၀၆ ကကြီး၊ သမ္မတရဲ့ Super Veto အာဏာအကွက်ကိုဆက်ကြည့်ပြီးသွားရင် စာဖတ်သူရဲ့ အမြင်တွေ ပြောင်းလဲသွားနိုင်လို့ ဖြစ်ပါတယ်။
မင်းအောင်လှိုင်ရဲ့ သားအဖနန်းဆက်တည်ဆောက်ရေး ဇာတ်ညွှန်းထဲက ဒုတိယမြောက်နဲ့ အန္တရာယ် အရှိဆုံး ဥပဒေထောင်ချောက်ကတော့ ခြေ/ဥ ပြင်ဆင်ရေး ၄၃ ချက်မှာ ပါတဲ့ ပုဒ်မ ၁၀၆ ပုဒ်မခွဲ (က)ပဲ ဖြစ်ပါတယ်။ ဒါဟာသမ္မတရဲ့ဗီတိုအာဏာကို အကြွင်းမဲ့ အဆင့်အထိ ဆွဲတင်လိုက်တဲ့ Super Veto အာဏာ အကွက်ပဲ ဖြစ်ပါတယ်။
ဒီမိုကရေစီ စနစ်တွေမှာ ဥပဒေပြုရေး (လွှတ်တော်) နဲ့ အုပ်ချုပ်ရေး (သမ္မတ) အကြား အာဏာ ထိန်းညှိမှု (Check andBalance) ရှိရပါတယ်။ ဒါပေမယ့် မင်းအောင်လှိုင်ပြင်ဆင်လိုက်တဲ့ အကွက်ကတော့ ခင်ရီဥက္ကဋ္ဌလုပ်နေတဲ့ ပြည်သူ့လွှတ်တော်က ဘာဥပဒေပဲ အတည်ပြုပြု၊ သမ္မတက သဘောမကျလို့ အကြံပြုချက်နဲ့ ပြန်ပို့ရင် လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်းရဲ့ ၃ပုံ ၂ပုံ (၆၆.၆ရာခိုင်နှုန်း) မဲ အပြတ်အသတ်ရမှသာ အတည်ပြုနိုင်တော့မှာ ဖြစ်ပါတယ်။
ဒါဟာ ဥပဒေပြုရေးယန္တရားတခုလုံးကို သမ္မတရဲ့ဖိနပ်အောက် အပိုင်နင်းခြေပစ်လိုက်တာ ဖြစ်ပြီး အရပ်သားယန္တရားကို သုံးပြီးတရားဝင်အာဏာရှင်စနစ် တည်ထောင်ဖို့ ဉာဏ်ဆင်လိုက်တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် မင်းအောင်လှိုင်ဟာ သမ္မတအာဏာကို အကြွင်းမဲ့ တည်ဆောက်ပြီး သူ့နန်းဆက်ကို ကာကွယ်ဖို့ကြိုးစားလိုက်ခြင်းအားဖြင့် မြန်မာ့စစ်တပ်သမိုင်းမှာ ဘယ်တုန်းကမှ မရှိဖူးသေးတဲ့ သုံးပွင့်ဆိုင်ပွတ်တိုက်မှုကြီးကို နေပြည်တော်ထဲမှာ ကိုယ်တိုင် မီးမွှေးလိုက်တာ ဖြစ်ပါတယ်။
မူလ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်က အတည်ပြုလိုက်တဲ့ ဥပဒေကြမ်း တခုကို သမ္မတက သဘောမတူလို့ မှတ်ချက်နဲ့ပြန်ပို့ရင် ခင်ရီတို့ရဲ့ လွှတ်တော်အုပ်စုဟာ လွှတ်တော်တက်ရောက်သူရဲ့ ရိုးရိုးမဲအများစုဖြစ်တဲ့ ၅၀ ရာခိုင်နှုန်းကျော်နဲ့တင် မူလအတိုင်း ပြန်အတည်ပြုပြီး သမ္မတကို အကျပ်ကိုင်လို့ ရခဲ့ပါတယ်။ ဒါကြောင့် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ၊ တခြား စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ အမျိုးသားရေး အစွန်းရောက် အုပ်စုတွေဟာလွှတ်တော်အတွင်းမှာ ဥပဒေပြုရေးယန္တရားကို ကစားဖို့ ကြိုတင် တွက်ချက်ထားခဲ့ကြတာပါ။ ဒါပေမယ့် အခု မင်းအောင်လှိုင်ရဲ့ပုဒ်မ ၁၀၆ (က) ပြင်ဆင်ချက်အသစ်ကတော့ ခင်ရီတို့ ကြိုးကိုင်မယ့် လွှတ်တော်ရဲ့ အာဏာကို သမ္မတရဲ့ ဖိနပ်အောက် အပိုင်နင်းခြေပစ်လိုက်တာသာ ဖြစ်ပါတယ်။
လွှတ်တော် အမတ် ၁၀၀ ရာခိုင်နှုန်းမှာ အစိတ်သားကို ဖယ်လိုက်ရင်တောင် လွှတ်တော်ထဲ ထိုင်နေကြတဲ့ ကျန်တဲ့ ကိုယ်စားလှယ်အမတ်တွေက ၆၆ ရာခိုင်နှုန်းကျော် နေနိုင်လို့ ရယ်စရာတော့ ဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် ခင်ရီတို့ဘက်က မင်းအောင်လှိုင်ကိုပြန်ကျော်ဖို့ ၆၆.၆ ရာခိုင်နှုန်းအထိ လိုတာဖြစ်တဲ့အတွက် ခင်ရီတို့ ကြံ့/ဖွံ့အုပ်စုထဲက အမတ် ၉ ရာခိုင်နှုန်း ကျော်လောက်ကိုပဲ မင်းအောင်လှိုင်က နည်းမျိုးစုံနဲ့ စည်းရုံး ချိန်းခြောက် ကြိုးကိုင်ထားနိုင်ရင် ခင်ရီတို့ရဲ့ကစားကွက်ဟာ လွှတ်တော်ထဲမှာတင် လုံးဝသေသွားမှာ ဖြစ်ပါတယ်။
ဒါဟာ ဗိုလ်နေဝင်းလက်ထက်က စလို့ နှစ် ၆၀ ကျော် တိုင်းပြည်ကို စိတ်တိုင်းကျ ထင်သလို လက်နက်အားကိုးအုပ်ချုပ်လာတဲ့စစ်ဗိုလ်ချုပ်တွေကြားမှာ ၂၀၂၆ ရောက်မှ အရပ်သား ဝတ်စုံကို ဝတ်ပြီး သမ္မတ အာဏာကို အကြွင်းမဲ့ ဖန်တီးကာ ကိုယ်ကျိုးရှာနေတဲ့ မင်းအောင်လှိုင်လို အာဏာရူး၊ သားသမီးတွေက ဥစ္စာရူးတဲ့ မိသားစုရဲ့ ထင်သလို ခြယ်လှယ်မှုကိုဘယ်အချိန်ထိ ငြိမ်ခံပြီး လက်ခံနေကြမလဲ ဆိုတာ မီးမွှေးလိုက်တာပါပဲ။
စစ်တပ် အတွင်းက သွေးစွန်းခံလာရတဲ့ ဗိုလ်ချုပ်တွေက ခင်ရီတို့ကြံ့ဖွံ့နဲ့ ပေါင်းပြီး မင်းအောင်လှိုင်ကို ပြန်တွန်းလှန်ဖို့ကြိုးစားလာမယ့် သုံးပွင့်ဆိုင် ပွတ်တိုက်မှုကြီး မလွဲမသွေ ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ဒါဆိုရင် မင်းအောင်လှိုင်ဟာ သမ္မတအာဏာကို ဘာကြောင့် ဒီလောက်ထိ အကန့်အသတ် မရှိ ကြီးမားအောင်ကြိုတင်ပြင်ဆင်နေရတာလဲ။ နိုင်ငံရေးစိတ်ပညာအရ ဒါဟာ သူ့မိသားစုရဲ့ ရေရှည် ဘေးကင်းလုံခြုံရေး အတွက် အကြွင်းမဲ့အကာအကွယ် ဒိုင်းကို ကြိုဆောက်နေတာ ဖြစ်ပါတယ်။ နောင်တချိန်မှာ သားဖြစ်သူ အောင်ပြည့်စုံသာ သမ္မတ ဖြစ်လာခဲ့ရင် ဒီ Super Veto အာဏာကို သုံးပြီး မိသားစုရဲ့ စီးပွားရေး အင်ပါယာကို ပြန်လည်သိမ်းဆည်းမယ့် ဥပဒေမှန်သမျှကို ဒါမှမဟုတ် သူတို့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေ အတွက် အရေးယူမယ့် ဥပဒေ မှန်သမျှကို လွှတ်တော်ထဲမှာ လည်ပင်းညှစ် ပိတ်ဆို့ထားလို့ ရသွားပြီ ဖြစ်ပါတယ်။
ဒါတင် မကသေးပါဘူး။ ဒီ Super Veto အာဏာဟာ နိုင်ငံတကာ ဖိအားတွေကို ရင်ဆိုင်ဖို့ အတွက်ပါ ပြည်တွင်းဥပဒေကြောင်းအရ အကြွင်းမဲ့ အကာအကွယ် ပေးထားနိုင်မှာ ဖြစ်ပါတယ်။ သမ္မတ အာဏာစက်နဲ့ ပြည်တွင်းတရားစီရင်ရေးကို အပိုင်ချုပ်ထားခြင်း အားဖြင့် နိုင်ငံတကာက ဘယ်လိုပဲ ဖိအားပေးပေး ပြည်တွင်း ဥပဒေကြောင်းအရ လုံးဝအရေးယူလို့ မရအောင် ပိတ်ဆို့ထားမယ့် စစ်အာဏာရှင်တို့ရဲ့ ထုံးစံ ဗျူဟာ အတိုင်းပါပဲ။ မင်းအောင်လှိုင်ဟာ သူကိုယ်တိုင် ရာသက်ပန် သမ္မတလုပ်ဖို့၊ သူ သေရင်လည်း သူ့ရဲ့ မျိုးဆက်တွေ ရန်သူ့လက်ထဲ ဒူးမထောက်ရစေဖို့ ဥပဒေ ကျုံး အထပ်ထပ်ကို စက္ကူပေါ်မှာ ဇာတ်ညွှန်းခိုင်ခိုင် ရေးထားတာ မှန်ပါတယ်။ ဒါဟာ နိုင်ငံရေးစိတ်ပညာအရ ကြောက်စိတ်ကို ဥပဒေ အာဏာ အဖြစ် အသွင်ပြောင်းလဲဖို့ ကြိုးစားတဲ့ ဗျူဟာ ဖြစ်ပါတယ်။
ဒါပေမယ့်နိုင်ငံရေးသိပ္ပံရဲ့ ပကတိ အရှိတရားတွေနဲ့ ချိန်ထိုးကြည့်ရင်တော့ နေပြည်တော် ဘန်ကာထဲက စိတ်ကူးယဉ် ကစားကွက်ဟာ လက်တွေ့ မြေပြင်မှာ ဘယ်လိုမှ အကောင်အထည် မဖော်နိုင်ဘဲ ကိုယ့်လည်ပင်း ကိုယ် ပြန်ညှစ်မယ့် ကြိုးကွင်း ဖြစ်သွားနိုင်ခြေကပိုများနေပါတယ်။
အဓိက အချက်ကြီး နှစ်ချက်ကို ရှင်းပြချင်ပါတယ်။ပထမအချက်ကတော့ ပြည်တွင်းစစ်ရေးအရှိန်အဟုန် ပြင်းပြင်းနဲ့ ရှုံးနိမ့်လာခြင်းပဲ ဖြစ်ပါတယ်။ မျိုးရိုးစဉ်ဆက်နိုင်ငံရေး (Dynastic Politics) အောင်မြင်ခဲ့တဲ့ ကမ္ဘောဒီးယား၊ ဆီးရီးယား နိုင်ငံတွေကို ကြည့်ရင် မြေပြင်စစ်ရေးနဲ့ နယ်မြေစိုးမိုးမှုကိုအာဏာရှင် အစိုးရက ရာခိုင်နှုန်းပြည့် ထိန်းချုပ်ထားနိုင်တဲ့ သာဓကတွေ ဖြစ်ပါတယ်။
မြန်မာပြည်မှာတော့ လက်တွေ့မြေပြင်က စစ်ရေးရှုံးနိမ့်မှုတွေ၊ နယ်မြေလက်လွတ် ရမှုတွေဟာ မင်းအောင်လှိုင်ရဲ့အုပ်ချုပ်ရေးယန္တရားကို နေ့စဉ်နဲ့အမျှ အခြေခံကအစ ဆွဲလှုပ်နေတာ ဖြစ်ပါတယ်။ စစ်ရေးအရ နယ်မြေမစိုးမိုးနိုင်တဲ့ အာဏာရှင်စနစ်ဟာ ဘယ်လို ဥပဒေခံတပ်မျိုးပဲ ဆောက်ဆောက် ရေရှည်တည်မြဲဖို့ မဖြစ်နိုင်ပါဘူး။
ဒုတိယနဲ့ အဆိုးရွားဆုံး အချက်ကတော့ တပ်တွင်းညီညွတ်မှု ပြိုကွဲခြင်းပဲ ဖြစ်ပါတယ်။ မြန်မာ့စစ်တပ်ဟာပုဂ္ဂိုလ်ရေးကိုးကွယ်မှုထက် အဖွဲ့အစည်းဆိုင်ရာ စည်းမျဉ်းကို အခြေခံတဲ့တပ် ဖြစ်ပါတယ်။ ရှေ့တန်းမှာ အသက်ပေးတိုက်ခိုက်နေရတဲ့ အောက်ခြေ စစ်သည်တွေနဲ့ ကစဉ့်ကလျားဖြစ်နေတဲ့ ဗိုလ်ချုပ်ကြီးတွေဟာ တပ်တွင်းစစ်ရေးနောက်ခံ လုံးဝမရှိဘဲ မိသားစုစီးပွားရေးအင်ပါယာကို မောင်ပိုင်စီးထားတဲ့ သားဖြစ်သူ အောင်ပြည့်စုံကို နိုင်ငံရေး အမွေပေးဖို့ ကြိုးစားလာမှုကို ရေရှည်မှာ ငြိမ်ခံ၊လက်ခံနေကြမှာ လုံးဝ မဟုတ်ပါဘူး။
ဒီအခြေအနေဟာ မင်းအောင်လှိုင်ရဲ့ အာဏာတည်မြဲရေးအတွက် တပ်တွင်း ပုန်ကန်မှု ဒါမှမဟုတ် ဖယ်ရှားမှုတွေကို ပိုမိုမြန်ဆန်လာစေမယ့် ဓာတ်ကူ ပစ္စည်း ဖြစ်လာနိုင်ပါတယ်။ ဒါတင် မကသေးပါဘူး။ မင်းအောင်လှိုင်ရဲ့ ဒီ မဟာအမှားကြီးဟာ ကိုယ့်ဘက် ပြန်လှည့်လာမယ့် The Back Fire ဖြစ်နေပါတယ်။ နောင်တချိန်မှာ ပြည်သူက တင်မြှောက်တဲ့ အရပ်သား သမ္မတစစ်စစ်တဦးသာ တက်လာခဲ့ရင် ကြံ့ခိုင်ရေးပါတီနဲ့ စစ်တပ်အုပ်စုက လွှတ်တော်ထဲမှာ စစ်တပ်အကျိုးစီးပွားအတွက် ဘာဥပဒေပဲဆွဲဆွဲ အရပ်သားသမ္မတက မင်းအောင်လှိုင်ပြင်ပေးခဲ့တဲ့ ဒီ ၃ ပုံ ၂ ပုံ Super Veto ကို သုံးပြီး စစ်တပ်ရဲ့ခြေလှမ်းမှန်သမျှကို လည်ပင်းညှစ် ပိတ်ဆို့ထားလို့ ရသွားပါပြီ။ ကိုယ့်ကျုံး ကိုယ်တူးပြီး ကိုယ့်လည်ပင်း ကိုယ် ပြန်ညှစ်မိလိုက်တဲ့ စစ်အာဏာရှင်စနစ်ရဲ့ နိဂုံး ဇာတ်သိမ်းခန်း ပါပဲ။
ခြုံငုံသုံးသပ်ရရင် ကမ္ဘောဒီးယားက ဟွန်ဆန်၊ ဆီးရီးယားက အာဆတ်တို့လို မျိုးရိုးစဉ်ဆက် နိုင်ငံရေး (Dynastic Politics) အမွေကို မြန်မာပြည်မှာ မင်းအောင်လှိုင် သားအဖ အောင်မြင်အောင် ထူထောင်နိုင်ဖို့ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်တဲ့ လမ်းပျက်ကြီးသက်သက်သာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် အာဏာရှင်နိုင်ငံတွေမှာ မျိုးဆက်အလိုက် အာဏာလွှဲပြောင်းမှု အောင်မြင်ဖို့အတွက် အဓိကမဏ္ဍိုင် ၃ချက်လိုအပ်ပါတယ်။ အဲဒါတွေကတော့ အဖွဲ့အစည်းဆိုင်ရာ တခဲနက်ထောက်ခံမှု၊ မြေပြင်စစ်ရေးနဲ့ နယ်မြေစိုးမိုးမှု တည်ငြိမ်ခြင်းနဲ့ စီးပွားရေးယန္တရားကို အကြွင်းမဲ့ချုပ်ကိုင်နိုင်ခြင်းတို့ပဲ ဖြစ်ပါတယ်။မင်းအောင်လှိုင်မှာ အမှတ် ၃ ဖြစ်တဲ့ သားသမီးတွေအတွက် စီးပွားရေးခံတပ် ဆောက်ပေးနိုင်တာတခုပဲ ရှိပါတယ်။ ဒါကြောင့်မင်းအောင်လှိုင်ရဲ့ စက္ကူပေါ်က နန်းဆက် တည်ဆောက်ရေးဇာတ်ညွှန်းဟာ လက်တွေ့ မြေပြင်အရှိတရားတွေအောက်မှာပြာကျသွားဖို့ပဲ ရှိနေပါတယ်။
သူကတော့ နေပြည်တော်က စားပွဲပေါ်မှာထိုင်ပြီး သူ့မိသားစုအတွက် ထာဝရ ရွှေနန်းတော်ကြီးဆောက်မယ့် ဇာတ်ညွှန်းကိုစိတ်ကူးယဉ်ရေးနေပေမယ့် မြေပြင်က ပထဝီ နိုင်ငံရေး၊ စစ်ရေးအရှိတရားတွေနဲ့ ပြည်သူလူထုရဲ့ အရှိန်အဟုန်ပြင်းတဲ့ ဒီရေလှိုင်းလုံးကြီးတွေအောက်မှာ မင်းအောင်လှိုင်ရဲ့ စက္ကူပေါ်ကဇာတ်ညွှန်းနဲ့ လက်တွေ့ မြေပြင်အရှိတရား ဘယ်သူက အရင်လက်ဦးမလဲ ဆိုတာကိုတော့ အာဏာရှင် စနစ်ကြီး တခုလုံးရဲ့ နိဂုံး ဇာတ်သိမ်းခန်းကပဲ အဖြေပေးသွားမှာ ဖြစ်ပါတယ်။
ဆောင်းပါးအပိုင်း (၁ )ဖတ်ရန်လင့်ခ်
https://www.facebook.com/photo?fbid=1462942599308088&set=a.583120810623609&locale=th_TH
(ဤဆောင်းပါးကို Ayeyarwaddy Times သတင်းဌာနနှင့် The Book Reader Commentary တို့ ပူးပေါင်းတင်ဆက်သည်။)