ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၆ ရက်

 

ထိုင်းနိုင်ငံရဲ့ နာမည်ကျော် အပန်းဖြေကျွန်းဖြစ်တဲ့ ဖူးခက်ကျွန်းပေါ်က စီးပွားရေးဆိုင်ခန်း တစ်ခုမှာ တနင်္လာနေ့အစောပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူ ၁၁ ဦး သေဆုံးကာ ၁၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

 

မော်တော်ယာဉ် ငှားရမ်းရေးလုပ်ငန်း လုပ်ကိုင်တဲ့ အဆောက်အအုံမှာ မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး အနီးအနားက အဆောက်အအုံ တချို့ကိုပါ ကူးစက်ခဲ့တာပါ။

 

ဒေသစံတော်ချိန် နံနက် ၃ နာရီ ၁၇ မိနစ်မှာ မီးစတင်လောင်ကျွမ်းခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်တွေက နှစ်နာရီကြာ ငြှိမ်းသတ်ခဲ့ပြီးနောက် မီးကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

ဒဏ်ရာရရှိခဲ့သူ ၁၆ ဦးထဲမှာ ထိုင်းနိုင်ငံသား ၁၅ ဦးနဲ့ မြန်မာနိုင်ငံသား တစ်ဦး ပါဝင်ကြောင်း သိရပြီး သေဆုံး၊ ဒဏ်ရာရသူတွေထဲမှာ နိုင်ငံခြား ခရီးသွားဧည့်သည်တွေ မပါဝင်ဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

 

မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ တာဝန်ရှိသူတွေက ဆက်လက် စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။

 

မီးလောင်မှု ဖြစ်ပွားတဲ့ အဆောက်အအုံဟာ ဖူးခက်ကျွန်း အနောက်ဘက်ကမ်းရိုးတန်းမှာရှိတဲ့ နာမည်ကျော် Patong ကမ်းခြေအနီး မြို့တွင်းဧရိယာမှာ တည်ရှိပါတယ်။

 

မကြာသေးခင် လပိုင်းတွေအတွင်း ဘန်ကောက်မြို့က အရက်ဆိုင်တစ်ခုမှာ မီးလောင်မှု ဖြစ်ပွားခဲ့လို့ လူပေါင်း ၂၇ ဦးထက်မနည်း သေဆုံးခဲ့ရဖူးပါသေးတယ်။

 

အခုလို လူသေဆုံးမှု များပြားတဲ့ မီးဘေးအန္တရာယ်တွေ မကြာခဏ ဖြစ်ပွားနေတာကြောင့် ဒေသတွင်းမှာ အဆောက်အအုံ လုံခြုံရေးနဲ့ မီးဘေးကာကွယ်ရေး စည်းကမ်းချက်တွေကို တင်းကျပ်ဖို့ တိုက်တွန်းပြောဆိုမှုတွေ ရှိလာနေပါတယ်။

 

News: Reuters
Ref; Fire in Phuket shophouse kills 11 injures 16, police say