‎ဧရာဝတီတိုင်းမ်
‎နိုဝင်ဘာ ၁၆ ရက်
‎
မကွေး-ရခိုင်အစပ်၊ ပဲခူး-ရခိုင်အစပ်နှင့် ဧရာဝတီ-ရခိုင်အစပ် ဒေသများတွင် အာရက္ခတပ်တော် (AA) နှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်နေရသည့် ရွေးတုအစိုးရစစ်တပ်၏ ရှေ့တန်းတပ်ရင်း၊ တပ်ဖွဲ့များမှာ အင်အား သုံးပုံတစ်ပုံမှ ထက်ဝက်နီးပါးအထိ ပြုန်းတီးလျက်ရှိပြီး နောက်တန်းသို့ ပြန်လည်ခေါ်ယူ စုဖွဲ့နေရကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

တပ်မ (၆၆) လက်အောက်ခံ တပ်ရင်းများသည် မြစ်ဝကျွန်းပေါ်ဒေသဘက်မှတစ်ဆင့် ရခိုင်ပြည်နယ် တောင်ပိုင်းသို့ ထိုးဖောက်ဝင်ရောက်ရန် ကြိုးပမ်းရာတွင် အင်အားပြုန်းတီးမှု များပြားလာသဖြင့် ပြီးခဲ့သည့် နိုဝင်ဘာ ၉ ရက်နေ့တွင် နောက်တန်းဌာနချုပ်များသို့ အရေးပေါ် ခေါ်ယူ၍ ပြန်လည်စုဖွဲ့ နေရခြင်း ဖြစ်ကြောင်း သိရသည်။

“တိုင်းရင်းသားအဖွဲ့တွေနဲ့ ရင်ဆိုင်တိုက်ပွဲတွေမှာ အဓိက AA နဲ့ တိုက်ပွဲဆိုရင် အင်အား အတော်ပြုန်း တီးပြီးမှ နောက်ကို ပြန်ခေါ်ရတယ်။ လူလဲဖို့ မရှိတော့ စစ်မှုထမ်း တပ်သားသစ်နဲ့ အရင်လူတွေပဲ အရှေ့ကို ပြန်ရတယ်။ ကရင်နီနဲ့ ဗန်းမော်ကတော့ လူမလဲနိုင်သလောက်ပဲ” ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီ တိုင်းမ်ကို ပြောသည်။

လက်ရှိတွင် ရွေးတုအစိုးရစစ်တပ်၏ တပ်ရင်းတစ်ရင်းလျှင် ရှေ့တန်းစစ်ထွက်အင်အားမှာ ၁၂၀ ဦး ဝန်းကျင်သာ ရှိပြီး အင်းမအခြေစိုက် တပ်ရင်းအချို့ နောက်တန်းပြန်လည် ရောက်ရှိလာချိန်တွင် အင်အား ၈၀ ဦးခန့်သာ ပြန်လည်ပါရှိလာသဖြင့် ရခိုင်ရိုးမအစပ် တိုက်ပွဲများအတွင်း တပ်ရင်းအင်အား သုံးပုံ တစ်ပုံခန့် ပြုန်းတီးခဲ့ကြောင်း သိရသည်။

အဆိုပါ ရှေ့တန်းပြန် တပ်ဖွဲ့ဝင်များကိုလည်း ဒုတိယတိုင်းမှူးကိုယ်တိုင် လာရောက်၍ အောင်ပွဲရ အခမ်း အနားဖြင့် ကြိုဆိုခဲ့ရသည်။

အလားတူ မကွေး-ရခိုင်အစပ် နတ်ရေကန် စစ်မျက်နှာ တိုက်ပွဲများတွင်လည်း အဓိက တိုက်ခိုက်ရေး တပ်မ ဖြစ်သည့် တပ်မ (၉၉) ကို ၂၀၂၅ ခုနှစ်အတွင်းက နောက်တန်းသို့ ပြန်လည်ခေါ်ထုတ်ခဲ့ရသည်။

၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်း ပေါက်ကြားခဲ့သည့် စစ်ရေးစာရင်းများအရ တပ်မ (၉၉) ၏ မူလအင်အား ၁,၅၀၀ အနက် ၅၀၀ ဦးကိုသာ ပြန်လည်ခေါ်ထုတ်နိုင်ခဲ့ပြီး ၅၀၀ ဦးမှာ ရှေ့တန်း၌ ဆက်လက်တပ်ဖြန့်ထားခဲ့ရကာ ကျန် ၅၀၀ ဦးမှာ တိုက်ပွဲများအတွင်း သေဆုံး၊ ပျောက်ဆုံးမှုများဖြင့် ပြုန်းတီးသွားခဲ့သည်။

ထို့နောက် တပ်မ (၉၉) နေရာတွင် အစားထိုးဝင်ရောက်ခဲ့ရသည့် အမှတ်(၁၇) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ-၁၇) မှာလည်း အင်အား သုံးပုံတစ်ပုံအထိ ထပ်မံပြုန်းတီးသွားခဲ့သဖြင့် ညောင်ကျိုး တိုက်ပွဲ၌ စကခမှူးပါ သေဆုံးခဲ့ရသည့် စကခ (၁၀) လက်အောက်ခံ တပ်များကို ပြန်လည်ခေါ်ထုတ်ကာ စစ်ကား အစီး ၇၀ ဖြင့် နတ်ရေကန်ဗျူဟာဘက်သို့ နေ့တွင်းချင်း အစားထိုး စေလွှတ်ခဲ့ရကြောင်း သိရသည်။

ပုံစာ – ထိခိုက်ဒဏ်ရာများဖြင့် တွေ့ရသည့် ရွေးတုအစိုးရတပ်ဖွဲ့ဝင်များ (ပုံဟောင်း)