နွေဦးမောင်/ဧရာဝတီတိုင်းမ်
ကြံခင်း၊ ဇူလိုင်လ ၄ ရက်
ဧရာဝတီတိုင်း ၊ ကြံခင်းမြို့နယ်၊ ရခိုင်ရိုးမတောင်ခြေမှာ ဇူလိူင်လ ၁ ရက်နေ့က PDFစခန်းတစ်ခုကို စစ်ကောင်စီတပ်များက သိမ်းဆည်းရရှိခဲ့ပြီး PDF တွေကို ကူညီတယ်ဆိုပြီး စပါးအိုးကျေးရွာဒေသခံပြည်သူ ၄ ဦးကို စွပ်စွဲဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
“၂ ရက်နေ့ကညက စပါးအိုးကျေးရွာကို စစ်တပ်က ၀င်မွှေပြီး သူတို့ မသင်္ကာတဲ့ရွာသား ၄ ဦးကို ဖမ်းသွားတာပါ။ ရွာထဲက အိမ်တွေကို အတင်း၀င်စစ်ဆေးတာတွေလုပ်နေတာ။ တော်တော်များများဆိုရင် အဖမ်းခံရမှာစိုးလို့ အခုထိထွက်ပြေးတိမ်းရှောင်နေရတယ်”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဇူလိူင်လ (၁) ရက်နေ့ မနက်ပိုင်းက စပါးအိုးကျေးရွာအနီး ရခိုင်ရိုးမတောင်ခြေမှာ စစ်ကောင်စီတပ်များနှင့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့များ ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးနောက်ပိုင်း PDFစခန်းတစ်ခု ၊လုပ်သေနတ်တစ်လက်နဲ့ ကျည်မျိုးစုံ ၊ လက်လုပ်မိုင်း၊ မီးစက်၊ တွင်ခုံတွေသိမ်းဆည်းရမိတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါတိုက်ပွဲဟာ စစ်ကောင်စီနဲ့ ရိုးမဧရာဝတီ PDF တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီးတိုက်ပွဲမှာ စခန်းကိုစွန့်ခဲ့ရပြီး လက်နက်ပစ္စည်းတစ်ချို့ဆုံးရူံးခဲ့ပေမယ့် PDFတပ်ဖွဲ့၀င်များ ထိခိုက်ကျဆုံးမှု မရှိခဲ့ဘူးလို့ ရိုးမဧရာဝတီ PDF တပ်ဖွဲ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ သတင်းထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ စစ်ကောင်စီက ဖမ်းဆီးသွားတဲ့ဒေသခံ အမျိုးသား ၄ ဦးကို မည်သည့်နေရာကိုခေါ်ဆောင်သွားမှန်းမသိရသေးပဲ စပါးအိုးကျေးရွာနှင့် အနီးအနား ကျေးရွာများတွင် စစ်ကောင်စီက တပ်စွဲထားပြီး တောစပ်များတွင်ကင်းပုန်းများချထားတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။