ဧရာဝတီတိုင်းမ်
(ဖလမ်း)၊ နိုဝင်ဘာလ ၁၆ ရက်
ချင်းပြည်နယ် ဖလမ်းမြို့နယ် အတွင်း ချင်းအမျိုးသား ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့ နှင့် စစ်ကောင်စီ တပ်များကြား နိုဝင်ဘာလ ၁၄ ရက် ညပိုင်းက စတင်ပြီး တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားရာ စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ်ဖြင့် စစ်ကူ ဗုံးကြဲမှု ပြုလုပ်ကြောင်း သိရသည်။
ယနေ့တွင်လည်း မွန်းလွဲပိုင်း ၂ နာရီခွဲကနေ ၃ နာရီကျော်အထိ လေယာဉ် တစ်စီးနှင့် ရဟတ်ယာဉ် တစ်စီး ပျံဝဲလာကြောင်း၊ ရဟတ်ယာဉ်က နာရီဝက်ခန့် ပျံဝဲနေကာ ၅ ကြိမ်ထက်မနည်း ဗုံးကြဲပြီးနောက် ပြန်သွားကြောင်း ဒေသခံများက ပြောသည်။
အဆိုပါတိုက်ပွဲသည် ချင်းအမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ (CNDF) အုပ်ချုပ်နယ်မြေ အတွင်း နိုဝင်ဘာလ ၁၄ ရက် ည ၉ နာရီခွဲဝန်းကျင်မှ စတင် ပစ်ခတ်ကြပြီး တိုက်ပွဲ ဆက်လက်ဖြစ်ပွားကာ ယနေ့ မနက် ၁၀ နာရီ ၁၅ မိနစ် ဝန်းကျင်းတွင်လည်း ဗုံးတစ်ခါ လာကြဲသေးကြောင်းလည်း သိရသည်။
တိုက်ပွဲ ဖြစ်ပွားနေရာ အနီးရှိ ဒေသခံ အမျိုးသားတစ်ဦးက“တိုက်ပွဲ စဖြစ်တဲ့ ညက ညတွင်းချင်း ကျွန်တော်တို့ ရွာကနေ ထွက်ပြေး တိမ်းရှောင်ကြတယ်။ သေနတ်ပစ်သံတွေလည်း တော်တော်များများကြားရတယ်။ မနေ့က မနက်ပိုင်းကနေ စစ်ကူလေယာဉ်နဲ့ ဗုံးလာကြဲတယ်။ မနေ့က တစ်နေ့တည်းမှာ ၄ ကြိမ်၊ ၅ ကြိမ်လောက် လာကြဲတယ်။ မနေ့က ညနေ မိုးချုပ်ခါနီး ဗုံးကြဲတာကတော့ ကျွန်တော်တို့ ဘေးမှာ လာကျသလား လို့ ထင်ရတယ်၊ အသံ အရမ်းကျယ်တယ်။ ဒီမနက်မှာလည်း တစ်ခါလာကြဲတယ်။ နေအိမ် ပျက်စီးတာမျိုးလည်း ရှိနိုင်တယ်။ မီးခိုးတွေ အဝေးကနေ မြင်နေရတယ်။ တောင်ပေါ်ဆိုတော့ ဟိုဘက်ရွာနဲ့ ဒီဘက်ရွာတွေ အကုန် လှမ်းမြင်နေရတယ်”ဟု ဧရာဝတီတိုင်းမ်ကို ပြောပြသည်။
လက်ရှိတွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး အနီးနားရှိ ရွာများလည်း ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း၊ ရွာသားများ ၏ အိုးအိမ် ပျက်စီး ဆုံးရှုံးမှု၊ ထိခိုက်ဒဏ်ရာရ သေဆုံးမှုနှင့် ပတ်သက်၍လည်း မသိရှိရသေးကြောင်း၊ စစ်ကူ လေယာဉ်များ ဆက်လက် လာနိုင်ခြေရှိပြီး နှစ်ဖက် ထိခိုက် ဒဏ်ရာရရှိမှု၊ သေဆုံးမှုများကိုလည်း အတိအကျ မသိရှိရသေးကြောင်း ဒေသခံများက ပြောသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ဖလမ်း #တိုက်ပွဲ #စစ်ကောင်စီ #ဗုံးကြဲ
#Ayeyarwaddy_Times