ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၉ ရက်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်မြို့အနီးရှိ ရွေးတုအစိုးရစစ်တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် ဒဏ်ရာရစစ်သားများကို မိုးမိတ်မြို့တွင်းရှိ တပ်စွဲရာနေရာများသို့ ပြန်လည်သယ်ဆောင် ဆေးကုသနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ရွေးတုအစိုးရ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြားမှ နိုဝင်ဘာ ၁၇ ရက်၊ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်မှစတင်၍ မိုးမိတ်-မြစ်ဆုံ-မဘိမ်းလမ်းပိုင်း ၄ မိုင်၊ ၅ မိုင်နှင့် ၆ မိုင် တောလမ်းကြားတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ၅ မိုင်ရှိ ယာယီအခြေပြုစခန်းကို KIA ပူးပေါင်းတပ်များက ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲအတွင်း ရွေးတုအစိုးရစစ်တပ်ဘက်မှ အထိနာခဲ့ပြီး စခန်းကို စွန့်ခွာဆုတ်ခွာခဲ့ရသကဲ့သို့ ဒဏ်ရာရစစ်သားများကို တင်ဆောင်လာသည့် စစ်ယာဉ်များသည် မိုးမိတ်မြို့တွင်းသို့ အလျင်အမြန် မောင်းနှင်ဝင်ရောက်သွားကာ တပ်စွဲထားသည့် နေရာများတွင် ဆေးကုသမှု ခံယူနေကြောင်း ဒေသခံများက ဆိုသည်။

တိုက်ပွဲဖြစ်ပွားစဉ်အတွင်း ရွေးတုအစိုးရစစ်တပ်က ဂျက်တိုက်လေယာဉ်များအပြင် Mi-35 ရဟတ်ယာဉ်နှင့် Y-12 လေယာဉ်များဖြင့် လေကြောင်းမှ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် စက်သေနတ်ဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနနှင့် ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

မိုးမိတ်မြို့ကို ၁၀၂၇ စစ်ဆင်ရေးအတွင်း တအာင်းတပ်မတော် (TNLA) ပူးပေါင်းတပ်က သိမ်းပိုက်ခဲ့သော်လည်း ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင် ရွေးတုအစိုးရစစ်တပ်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။ ထို့နောက်ပိုင်း မိုးမိတ်ဗျူဟာတပ်ရင်းများဖြစ်သည့် ခလရ (၂၃၃)၊ ခလရ (၂၇၆) နှင့် ခလရ (၃၄၈) တပ်ရင်းများ ဝင်ရောက်လာပြီး မိုးမိတ်-မဘိမ်းလမ်းအတိုင်း ၁၀ မိုင်၊ ၁၁ မိုင်အထိ စစ်ကြောင်းထိုးလာရာမှ KIA ပူးပေါင်းတပ်များ၏ တန်ပြန်တိုက်ခိုက်မှုကြောင့် မိုးမိတ်မြို့အနီး ၄ မိုင်အထိ ပြန်လည်ဆုတ်ခွာလာရခြင်း ဖြစ်သည်။

လက်ရှိတွင် တိုက်ပွဲများကြောင့် ၇ မိုင်၊ ကျောက်တောင်ရွာနှင့် ညောင်နီကျေးရွာ အပါအဝင် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများမှာ ရွေးတုအစိုးရစစ်တပ်၏ လေကြောင်းနှင့် လက်နက်ကြီးအန္တရာယ်ကြောင့် ဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေကြရသည်။

ထို့အပြင် မိုးမိတ်-မဘိမ်းလမ်းပိုင်း အပါအဝင် မိုးမိတ်-မိုးကုတ်နှင့် မိုးမိတ်-တွင်းငယ်-သပိတ်ကျင်း လမ်းပိုင်းများ၌ ခရီးသွားပြည်သူများအနေဖြင့် လုံခြုံရေးအထူးသတိပြု သွားလာကြရန် တော်လှန်ရေးတပ်ဖွဲ့များက သတိပေးထားသည်။