‎ဧရာဝတီတိုင်းမ်
‎နိုဝင်ဘာ ၁၉ ရက်

 

တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့တွင် ကျင်းပနေသည့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီးအစည်းအဝေး၏ ယနေ့ နိုဝင်ဘာ ၁၉ ရက် အစီအစဉ်၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့၏ သမိုင်းဝင် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း The Guardian သတင်းဌာနတွင် ဖော်ပြထားသည်။

 

ယင်းသုံးပွင့်ဆိုင် ဆွေးနွေးပွဲ မတိုင်မီ APEC အစည်းအဝေး၏ ပြင်ပသီးသန့်အစီအစဉ် (Sidelines) အဖြစ် အမေရိကန်သမ္မတ ထရမ့်သည် ရုရှားသမ္မတ ပူတင်၊ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့နှင့် ယနေ့ ကြာသပတေးနေ့တွင် နှစ်နိုင်ငံသီးသန့်စီ တွေ့ဆုံဆွေးနွေးခဲ့သည်။

သမ္မတ ထရမ့်နှင့် ပူတင်တို့သည် မိနစ် ၄၀ ကြာ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲအပြီးတွင် ပူတင်မှာ စိတ်လက်ပေါ့ပါး ကျေနပ်နေသည့် အမူအရာရှိကြောင်း ရုရှားနိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။ အဆိုပါ တွေ့ဆုံမှုအတွင်း ယူကရိန်းစစ်ပွဲအရေးကို အဓိကထား ဆွေးနွေးခဲ့ကြပြီး သုံးပွင့်ဆိုင်ဆွေးနွေးပွဲတွင်လည်း ယင်းကိစ္စကို အဓိကထား ဆွေးနွေးဖွယ် ရှိနေသည်။

 

ထို့အတူ အမေရိကန်သမ္မတ ထရမ့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ သီးသန့်တွေ့ဆုံရာတွင် တရုတ်-အမေရိကန် ဆက်ဆံရေးကို မှန်ကန်သော လမ်းကြောင်းပေါ်သို့ ရောက်ရှိအောင် လက်တွဲလုပ်ဆောင်သွားရန် ဆက်လက်သန္နိဋ္ဌာန်ချထားကြောင်း ရှီကျင့်ဖျင်က ပြောကြားသည်။

 

“မဟာဗျူဟာမြောက် တည်ငြိမ်မှုရှိပြီး အပြုသဘောဆောင်တဲ့ တရုတ်-အမေရိကန် ဆက်ဆံရေးရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အသစ်ကို ကျွန်တော်တို့ ထူထောင်နိုင်ခဲ့ပြီး လေးစားမှု၊ မျှတမှုနဲ့ အပြန်အလှန် အကျိုးပြုမှုတွေအပေါ် အခြေခံတဲ့ အနှစ်သာရသစ်တွေကို ဖြည့်သွင်းပေးနိုင်ခဲ့ပါတယ်” ဟု သမ္မတ ရှီကျင့်ဖျင်က ဆိုသည်။

ယခုဆွေးနွေးပွဲသည် အကျိုးရှိသည့် ဆွေးနွေးပွဲ ဖြစ်လာမည်ဖြစ်ပြီး နှစ်နိုင်ငံကြား သွင်းကုန်ခွန် (Tariffs) များကို မျှတသော နည်းလမ်းဖြင့် ခွဲဝေသတ်မှတ်နိုင်ခဲ့ပြီဖြစ်ကြောင်း တရုတ်-အမေရိကန် ကုန်သွယ်ရေးအပေါ် သမ္မတ ထရမ့်က မှတ်ချက်ပြုခဲ့သည်။ ထို့အပြင် ထရမ့်သည် ပူတင်ကို ခေါ်ဝေါ်သုံးနှုန်းခဲ့သည့်အတိုင်းပင် တရုတ်သမ္မတ ရှီကျင့်ဖျင်ကိုလည်း “မိတ်ဆွေ” ဟု တင်စားခေါ်ဝေါ်ခဲ့ကြောင်း သိရသည်။

 

တစ်ဖက်တွင်မူ ယခုကျင်းပနေသည့် APEC အစည်းအဝေးအတွင်း ဩစတြေးလျဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘနီစ်က ရုရှားသမ္မတ ပူတင်ကို ပေါ်ပေါ်တင်တင် ဝေဖန်ပြောဆိုခဲ့ပြီး လေးနှစ်ကြာမြင့်နေပြီဖြစ်သည့် ယူကရိန်းစစ်ပွဲကို ရပ်တန့်ရန် ပြတ်ပြတ်သားသား တောင်းဆိုလိုက်သည်။

 

“ခင်ဗျားရဲ့ စစ်ပွဲကို ရပ်ပါ၊ အခုချက်ချင်း ရပ်ပါ” ဟု ဩစတြေးလျဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘနီစ်က ပူတင်ကို တိုက်ရိုက်ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

ဓာတ်ပုံ – Reuters
ကိုးကား – The Guardian (APEC summit live: Trump praises ‘great relationship’ with Putin ahead of historic trilateral talks with Xi)