ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၉ ရက်

 

ရိုဟင်ဂျာတွေကို ဖျက်ဆီးဖို့ ရည်ရွယ်ပြီး မြန်မာနိုင်ငံက လူမျိုးသုဉ်းသတ်ဖြတ်မှု လုပ်ရပ်တွေ ကျူးလွန်ခဲ့တယ်လို့ နိုင်ငံတကာတရားရုံး (ICJ) က ကြာသပတေးနေ့မှာ အပြီးသတ် စီရင်ချက်ချလိုက်ပါတယ်။

 

အရင်က နိုင်ငံတစ်နိုင်ငံကို လူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့ တာဝန်ရှိကြောင်း တစ်ခါမှ မဆုံးဖြတ်ဖူးတဲ့ ICJ အတွက် ဒီစီရင်ချက်ဟာ ခုနစ်နှစ်ကြာ တရားဥပဒေရေးရာ အားပြိုင်မှုကို အဆုံးသတ်စေခဲ့ပါတယ်။

 

၂၀၁၆-၂၀၁၇ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေအတွင်း မြန်မာလုံခြုံရေးတပ်ဖွဲ့တွေဟာ ရိုဟင်ဂျာ အရပ်သား ၁၀,၀၀၀ ခန့်ကို သတ်ဖြတ်ခဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ကလေးငယ်တွေအပေါ် ပြင်းထန်တဲ့ အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တယ်လို့ တရားရုံးက တွေ့ရှိခဲ့ပါတယ်။

ရိုဟင်ဂျာတွေကို တိုက်ခိုက်ခဲ့တာကြောင့် ၇၀၀,၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့ရပြီး အခုချိန်မှာ ဒုက္ခသည် ၁ ဒသမ ၂ သန်းခန့် ရှိနေကာ မြန်မာနိုင်ငံထဲမှာ ၆၀၀,၀၀၀ အောက်ပဲ ကျန်ရှိတော့တယ်လို့ ခန့်မှန်းထားပါတယ်။

 

အမျိုးသမီးတွေ မျိုးပွားနိုင်စွမ်း မရှိအောင် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့တဲ့ အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုနဲ့ လိင်အင်္ဂါ ဖျက်ဆီးမှုတွေကို လူမျိုးသုဉ်းသတ်ဖြတ်မှုအဖြစ် အကဲဖြတ်ရာမှာ ဒီစီရင်ချက်က အဓိက စံနမူနာတစ်ခု ဖြစ်လာပါတယ်။

 

ဂမ်ဘီယာနိုင်ငံက ၂၀၁၉ ခုနှစ်မှာ စတင်တရားစွဲခဲ့တဲ့ ဒီအမှုကို အမြဲတမ်း တရားသူကြီး ၁၅ ဦးနဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် နာဗီပီလေး အပါအဝင် အထူးတရားသူကြီး ၂ ဦးတို့ ကြားနာစစ်ဆေးခဲ့ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ အသက်ရှင်ကျန်ရစ်သူတွေရဲ့ ထွက်ဆိုချက်တွေကို တံခါးပိတ် ကြားနာခဲ့ပါတယ်။

မြန်မာစစ်အုပ်စုက လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တာ မရှိဘဲ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့ရဲ့ ပြောက်ကျားတိုက်ခိုက်မှုတွေကို တုံ့ပြန်ခဲ့တာသာ ဖြစ်ကြောင်း အစဉ်တစိုက် ငြင်းဆိုထားပါတယ်။

 

၂၀၁၆-၂၀၁၇ စစ်ဆင်ရေးတွေမှာ စစ်တပ်ကို ဦးဆောင်ခဲ့ပြီး ၂၀၂၁ အာဏာသိမ်းမှုအပြီး ဧပြီလ ရွေးကောက်ပွဲကနေ သမ္မတ ဖြစ်လာတဲ့ မင်းအောင်လှိုင်ဟာလည်း နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) ရဲ့ ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုခံထားရသူ ဖြစ်ပါတယ်။

 

ICJ စီရင်ချက်တွေကို အတင်းအကျပ် အကောင်အထည်ဖော်နိုင်တဲ့ အာဏာ မရှိပေမဲ့ တရားဝင် လိုက်နာရမယ့် အနှစ်သာရ ရှိပြီး ဒဏ်ခတ်ပိတ်ဆို့မှု အပါအဝင် နိုင်ငံတကာ အရေးယူမှုတွေကို ပုံဖော်နိုင်စွမ်း ရှိပါတယ်။

 

တောင်အာဖရိကက အစ္စရေးအပေါ် တရားစွဲထားတဲ့ ဂါဇာအမှုအတွက် အရိပ်အမြွက် ဖြစ်နေတာကြောင့် အစ္စရေးနဲ့ အမေရိကန်တို့ အနီးကပ် စောင့်ကြည့်နေကြပြီး နာဗီပီလေး အပါအဝင် ICJ တရားသူကြီးတွေကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့လာနိုင်တယ်လို့ ခန့်မှန်းမှုတွေလည်း ထွက်ပေါ်နေပါတယ်။

 

News: The Guardian
Myanmar committed acts of genocide against Rohingya minority, world’s top court rules