ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၉ ရက်
ထိုင်းနိုင်ငံမှ ပြန်လည်လွှဲပြောင်းပေးခဲ့သည့် မူးယစ်ဂိုဏ်းခေါင်းဆောင်၏ ထွက်ဆိုချက်မှတစ်ဆင့် မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ဂိုဒေါင်တစ်ခုအတွင်းမှ ကာလတန်ဖိုး ငွေကျပ် ၅ ဒသမ ၀၂၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား ၃၃ ဒသမ ၅ သိန်းကို ဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmar က နိုဝင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်သည်။
ယခုဖမ်းဆီးရရှိမှုသည် ပြီးခဲ့သည့် ဇန်နဝါရီက သာစည်မြို့နယ်တွင် စိတ်ကြွဆေးပြား ၅၆ သိန်း ဖမ်းမိခဲ့သည့် အမှု၏ ကွင်းဆက်ဖြစ်ကြောင်း သိရသည်။
အဆိုပါအမှုမှ အဓိကစီမံသူ အောင်ဇော်မင်းခန့် ၄၂ နှစ် ကို အောက်တိုဘာလက ဘန်ကောက်မြို့တွင် ဖမ်းမိခဲ့ပြီး နိုဝင်ဘာ ၃ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။
၎င်း၏ ဖော်ထုတ်ချက်အရ နိုဝင်ဘာ ၄ ရက်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ (ည) ရပ်ကွက်ရှိ ဂိုဒေါင်ကို ဝင်ရောက်စီးနင်းရာ ဆေးပြား ၃၃ ဒသမ ၅ သိန်းနှင့်အတူ မထက်ထက်အောင်နှင့် မနှင်းနုနုလှိုင်တို့ နှစ်ဦးကို ဖမ်းမိခဲ့ခြင်း ဖြစ်သည်။
အောင်ဇော်မင်းခန့်သည် ထိုင်းနိုင်ငံ၌ တိမ်းရှောင်နေစဉ်အတွင်း ရှမ်းပြည်နယ်တောင်ပိုင်းမှ တရားခံပြေး စိုင်းခမ်းပန် (ခ) အားရှင်း မှတစ်ဆင့် မန္တလေးသို့ ဆေးပြားများ ပို့ဆောင်စေခဲ့သည်။ ထို့နောက် မနှင်းနုနုလှိုင် က ဂိုဒေါင်ငှားသိုလှောင်၍ တမူးမြို့ဘက်သို့ တစ်ဆင့်ပြန်လွှဲပေးကာ မထက်ထက်အောင် က ငွေကြေးအလွှဲအပြောင်းများကို ကိုင်တွယ်ခဲ့ခြင်းဖြစ် ကြောင်းထုတ်ပြန်ထားသည်။
ဖမ်းဆီးရမိသူများကို မူးယစ်ဆေးဝါးဆိုင်ရာဥပဒေအပြင် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရန် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့်ပါ အရေးယူထားပြီး လွတ်မြောက်နေသူများကို ဆက်လက်ဖမ်းဆီးနိုင်ရန် ဆောင်ရွက်နေ ကြောင်းသိရသည်။