ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၉ ရက်

​ဧရာဝတီတိုင်း၊ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အတွင်း စစ်မှုထမ်းရန်အတွက် လူစားထိုးငှားရမ်းခေါ်ယူခံရသူများထံမှ ရပ်ကွက်ပြည်သူ့စစ်အဖွဲ့ဝင်များနှင့် တာဝန်ကျနယ်ထိန်းရဲတပ်ဖွဲ့ဝင်အချို့က ငွေကြေးတောင်းခံ၍ KTV ပို့ခိုင်းခြင်းနှင့် အွန်လိုင်းစလော့ဂိမ်းများအတွင်း ငွေထည့်ခိုင်းခြင်းများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

​ဇလွန်မြို့နယ်အတွင်းရှိ ရာအိမ်မှူးများသည် ရပ်ကွက်အတွင်း စစ်မှုထမ်းကြေးဟုဆိုကာ ငွေကြေးများ ကောက်ခံပြီးနောက် မြို့နယ်အတွင်းရှိ ကျေးလက်တောရွာများမှ ဆင်းရဲနွမ်းပါးသူများကို ကောက်ခံရရှိငွေ၏ ထက်ဝက်ခန့်ဖြင့် လူစားထိုးစစ်မှုထမ်းရန် ငှားရမ်းခေါ်ယူ‌နေခြင်းဖြစ်သည်။

​”ရာအိမ်မှူးတွေက စစ်မှုထမ်းကြေးကောက်ပြီး တောရွာဘက်က မရှိဆင်းရဲသား လူငယ်တွေကို တစ်ဝက်လောက်ပဲပေးပြီး လူစားထိုးခေါ်တာ။ သူတို့ကို စောင့်ကြတဲ့ ပြည်သူ့စစ်တွေနဲ့ နယ်ထိန်းရဲတွေက ပိုက်ဆံတောင်းပြီး KTV ပို့ခိုင်းကြတယ်” ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

​ထိုသို့ ငှားရမ်းခေါ်ယူခံရသူများသည် ရာအိမ်မှူးများထံမှ ရရှိသည့် ငွေကျပ် သိန်း ၄၀ မှ သိန်း ၅၀ ဝန်းကျင်အနက် ကျပ်သိန်း ၂၀ ခန့်ကို မိသားစုထံ ပြန်လည်ပေးအပ်ထားပြီး ကျန်ငွေများကို စစ်သင်တန်းကျောင်းတွင် အသုံးပြုရန် ယူဆောင်လာကြခြင်း ဖြစ်သည်။

​အဆိုပါ စစ်မှုထမ်းရန် စုဆောင်းခံရသူများကို စစ်သင်တန်းကျောင်းသို့ ချက်ချင်းပို့ဆောင်ခြင်း မပြုသေးဘဲ ဇလွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် သုံးရက်ခန့် ယာယီထားရှိစဉ် လုံခြုံရေးစောင့်ကြပ်ရသည့် ရပ်ကွက်ပြည်သူ့စစ်အဖွဲ့ဝင်များနှင့် တာဝန်ကျနယ်ထိန်းရဲတပ်ဖွဲ့ဝင်အချို့က ယခုလိုပြုလုပ်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဧရာဝတီတိုင်းအတွင်းရှိ အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် ရပ်ကွက်ပျူစောထီး၊ ပြည်သူ့စစ်များမှာ ပြည်သူ့စစ်မှုထမ်းအကြောင်းပြ၍ ငွေတောင်းယူမှုများကို ဆက်တိုက်လုပ်ဆောင်နေပြီး ကြွယ်ဝချမ်းသာနေကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။

လက်ရှိ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ် ၃၀ အထိ ရောက်ရှိလာပြီဖြစ်ရာ သင်တန်းပြီးဆုံးသည့် စစ်မှုထမ်းများကို စစ်အင်အားလိုအပ်လျှက်ရှိသည့် ဒေသများသို့ ရွေးတုအစိုးရက ဆက်တိုက်ပို့ဆောင်နေကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံကသိရသည်။