ဧရာဝတီတိုင်းမ်
နို‌ဝင်ဘာ ၁၉ ရက်

 

အပြည်ပြည် ဆိုင်ရာတရားရုံး ( ICJ ) ချမှတ်သည့်အမိန့်များကို လေ့လာသုံးသပ်ပြီး ထိရောက်စွာ အကောင်အထည် ဖော်ရေးနှင့် ရက်စက်ကြမ်းကြုတ်မှုများ ထပ်မံ မဖြစ်ပွားစေရန် တားဆီးရေးတို့ဆက်လက် ဆောင်ရွက်သွားမည် ဟု အမျိုးသား ညီညွတ်ရေး အစိုးရ ( NUG) က ဆိုသည်။

 

” ရိုဟင်ဂျာပြည်သူများအတွက် တရားမျှတမှုဖော်ဆောင်ရေး ကြိုးပမ်းမှုများနှင့်အတူ မြန်မာနိုင်ငံ တစ်ဝန်းရှိ အရပ်သားပြည်သူများအပေါ် စစ်အုပ်စုက ဆက်လက်ကျူးလွန်နေသည့် အကြမ်းဖက်မှုများကို အဆုံးသတ်နိုင်ရေးအတွက်လည်း တစ်ပြိုင်နက်တည်း အရေးယူဆောင်ရွက်ရန် လိုအပ်ပါသည်” ဟု ယနေ့ ညဦးပိုင်းတွင် ထုတ်ပြန်ခဲ့သည့် NUG ၏ ထထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။

 

ICJ ၏ ယနေ့ စီရင်ဆုံးဖြတ်ချက်သည် ရိုဟင်ဂျာပြည်သူများနှင့် မြန်မာနိုင်ငံတွင် တရားမျှတမှုရရှိရေး ကြိုးပမ်းချက်များ အတွက် အရေးပါသော သမိုင်းမှတ်တိုင်တစ်ခုဖြစ်ပြီး ရိုဟင်ဂျာ ပြည်သူများ ကြုံတွေ့ခံစားခဲ့ရသည့် ဆင်းရဲဒုက္ခများကို ကမ္ဘာ့အမြင့်ဆုံး တရားရုံးသို့ တင်ပြနိုင်ခဲ့ခြင်းသည် နိုင်ငံတကာအသိုက်အဝန်း၏ တာဝန်ဝတ္တရားများဖြစ်သော လူမျိုးသုဉ်းသတ်ဖြတ်မှုကို တားဆီးကာကွယ်ခြင်း၊ အပြည်ပြည်ဆိုင်ရာ ဥပဒေကို လေးစားလိုက်နာရန်နှင့် တာဝန်ခံမှုရှိခြင်းတို့ကို၊ ထပ်မံ အတည်ပြု လိုက်ခြင်းပင် ဖြစ်သည်ဟု NUG က ဆိုသည်။

အလားတူ ICJ ၏ စီရင်ချက်သည် တရားမျှတမှုဖော်ဆောင်ရေး ကြိုးပမ်းမှုတွင် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်သော်လည်း ယင်းစီရင်ချက်သည် ကြိုးပမ်းမှုများ၏ အဆုံးသတ် မဟုတ်ကြောင်း ၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် တရားမျှတမှုဖော်ဆောင်ရေးဆိုင်ရာ ကတိကဝတ်များကို လက်တွေ့ကျပြီး ထိရောက်သော အရေးယူဆောင်ရွက်မှုများအဖြစ် ပြောင်းလဲဖော်ဆောင်ရန် လိုအပ်ကြောင်း ဆိုသည်။

 

” အပြည်ပြည်ဆိုင်ရာတရားရုံးသည် ၎င်း၏စီရင်ချက်ကို ချမှတ်ခဲ့ပြီး ဖြစ်သည်။ ယခုအခါ နိုင်ငံတကာ အသိုက်အဝန်းအပါအဝင် သက်ဆိုင်သူအားလုံးအနေဖြင့် လက်တွေ့အရေးယူဆောင်ရွက်ရန် တာဝန်ရှိ ပါသည်” ဟု NUG ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

 

ဒါ့အပြင် ရိုဟင်ဂျာပြည်သူများ ဘေးကင်းလုံခြုံစွာနေ ရပ်ပြန်နိုင်ရန် ၊ လုံခြုံရေးနှင့် ၎င်းတို့၏ အခြေခံအခွင့်အရေးများအား အပြည့်အဝ အကာအကွယ်ပေးနိုင်ရန် လိုအပ်ကြောင်း ၊ မြန်မာ ပြည်သူလူထုများ နေ့စဉ် ကြုံတွေ့နေရသည့် လေကြောင်းတိုက်ခိုက်မှုများ၊ သတ်ဖြတ်မှုများ၊ မတရားဖမ်းဆီးထိန်းသိမ်းမှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများနှင့် အတင်းအကျပ် နေရပ်စွန့်ခွာထွက်ပြေးရမှုများ အတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိနေမှု သံသရာကို အဆုံးသတ်ရမည်ဖြစ်ပြီး ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို ကျူးလွန်သူများအနေဖြင့် တရားဥပဒေအရ တာဝန်ခံကြရန် လိုအပ်ကြောင်း ဆိုသည်။

“နိုင်ငံတကာ အစိုးရများနှင့် အဖွဲ့အစည်းများ အနေဖြင့် တာဝန်ခံမှု၊ တာဝန်ယူမှုရှိစေရေးကို အားဖြည့်ဆောင်ရွက်ခြင်း၊ အရပ်သားပြည်သူများကို အကာအကွယ်ပေးခြင်းနှင့် စစ်အုပ်စုက ပြည်သူလူထု အပေါ် စစ်ပွဲဆင်နွဲခြင်းကို ဆက်လက် ထောက်ပံ့ပေးနေသည့် လက်နက်များ၊ လေယာဉ်ဆီနှင့် ဘဏ္ဍာရေး အရင်းအမြစ်များ စီးဝင်မှုကို ရပ်တန့်စေရန် အပြည်ပြည်ဆိုင်ရာဥပဒေနှင့်အညီ ထိရောက်သော အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ကြရမည် ဖြစ်သည်” ဟု NUG က တိုက်တွန်းထားသည်။

 

မြန်မာစစ်တပ်က ရိုဟင်ဂျာပြည်သူများအား လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်းစီရင်ချက်အပါအဝင် စီရင်ဆုံးဖြတ်ချက် ၁၃ ချက်ကို ICJ က ယနေ့ ချမှတ်ခဲ့ခြင်းဖြစ်ကာ ၎င်း ပြစ်မှုအား ကျူးလွန်ခဲ့သည့် တာဝန်ရှိသူများကို စုံစမ်းစစ်ဆေးအရေးယူရန် နေရပ်စွန့်ခွာခဲ့ရသူများ ဘေးကင်းလုံခြုံစွာ နေ‌ရပ် ပြန်နိုင်ရေး ဆောင်ရွက်ရန်နှင့် နစ်နာသူများအား လျော်ကြေးပေးရန်အမိန့်များ ချမှတ်ထားသည်။

 

အပြည်ပြည် ဆိုင်ရာတရားရုံး (ICJ) က မြန်မာနိုင်ငံအပေါ်ချမှတ်သောလူမျိုးသုဥ်းသတ်ဖြတ်မှုစီရင်ချက်ကိုကြိုဆိုကြောင်း အမည်မဖော်ပြလိုသည့် အရပ်ဘက်လူထုအဖွဲ့အစည်း ၃၂ ဖွဲ့အပါအဝင် အရပ်ဘက် လူထုအဖွဲ့အစည်း စုစုပေါင်း ၂၁၉ ဖွဲ့ က အစည်းများလက်မှတ်ရေးထိုးထားထုတ်ပြန်သည်။

 

ဓာတ်ပုံ – နိုင်ငံတကာသတင်းဌာနများ