ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၉ ရက်

မြန်မာနိုင်ငံက ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က ယနေ့နိုဝင်ဘာ ၁၉ ရက်နေ့တွင် ဆုံးဖြတ်ချက်ချမှတ်လိုက်ပြီးနောက် ဗြိတိန်ရှိ မြန်မာစစ်သံမှူးကို နိုင်ငံအတွင်းမှနှင်ထုတ်ရန် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးEd Miliband အမိန့်ထုတ်ပြန်လိုက်သည်။

ICJတရားရုံးနှင့် နိုင်ငံတကာဥပဒေအမိန့်အပေါ် ဗြိတိန်နိုင်ငံက အပြည့်အဝထောက်ခံပြီး ရိုဟင်ဂျာများအပေါ် ရက်စက်စွာဆက်ဆံခဲ့ခြင်းကို ပြင်းထန်စွာရှုတ်ချကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထို့သို့ ဆိုးရွားလှသည့် ရာဇဝတ်မှုများကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရန် ဗြိတိန်နိုင်ငံက သန္နိဋ္ဌာန်ချထားပြီး ချက်ခြင်းအရေးယူဆောင်ရွက်မှုများလည်းပြုလုပ်နေကာ လက်ရှိစစ်အုပ်စုအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများအပြင် ICJ ဆုံးဖြတ်ချက်ကို ဆွေးနွေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးတစ်ရပ်ကို အရေးပေါ်ခေါ်ယူရန်လည်း တောင်းဆိုခဲ့သည်။

ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ(Chargé d’Affaires) ကိုလည်း ဆင့်ခေါ်ထားပြီး ကျူးလွန်သူများကို တာဝန်ခံမှု ရှိစေရေးအတွက် လာမည့်ရက်ပိုင်းအတွင်း ထပ်မံအရေးယူဆောင်ရွက်မှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရိုဟင်ဂျာများသည် နှစ်ပေါင်းများစွာတိုင်အကြမ်းဖက်ခံရခြင်း၊ နေရပ်စွန့်ခွာထွက်ပြေးရခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခံရခြင်းများကို ခံစားခဲ့ရပြီး ဗြိတိန်နိုင်ငံအနေဖြင့် ၎င်းတို့အပေါ် ထောက်ခံပေးပြီး မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းပြီး ဒီမိုကရေစီကျသည့် အားလုံးပါဝင်သည့်အနာဂတ်ရရှိရေး ဆက်လက် ရပ်တည်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။