ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၆ ရက်

ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် နိုဝင်ဘာလ ၁၅ ရက် ညနေ ၅ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်မှ အရပ်သားများအပေါ် ပစ်မှတ်ထားကာလက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် မူကြိုကျောင်းထဲတွင် ခိုလှုံနေသော မိသားစုဝင် ၉ ဦးလက်နက်ကြီးထိမှန်ခဲ့ကြောင်း KNDFမှသတင်းထုတ်ပြန်ထားသည်။

ဒီးမော့ဆိုအနောက်ဘက်ကျေးရွာတစ်ရွာသို့ လက်နက်ကြီး ၁၀ ကြိမ်ခန့်ပစ်ခဲ့ပြီး မူကြိုကျောင်းဝင်းထဲသို့ လက်နက်ကြီးကျရောက်ခဲ့မှုကြောင့် အသက် ၄ နှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာသူများတွင် သက်ကြီး ရွယ်အိုနှင့် ၉ လသားကလေးငယ်ပါဝင်ပြီး ပြင်းထန် ဒဏ်ရာရသူ ၃ ဦးနှင့် မစိုးရိမ်ရဒဏ်ရာရသူ ၅ ဦး ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

နိုဝင်ဘာလဆန်းမှ ဒုတိယပါတ်အထိ စစ်ကောင်စီသည် အရပ်သားများအပေါ်ပစ်မှတ်ထားကာ လက်နက်ကြီးများဖြင့်ပစ်ခတ်နေပြီး ဖယ်ခုံမြို့နယ်ရှိကျေးရွာများသို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၈ ဦးဒဏ်ရာရခဲ့ပြီး နေအိမ် ၇ လုံးပျက်စီးခဲ့ကာ လွိုင်ကော်မြို့တွင်လည်း လက်နက်ကြီးထိမှန်မှုကြောင့် ၁၂ ဦးဒဏ်ရာရခဲ့ပြီး နေအိမ် ၂၈ လုံးပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်များသည် ကရင်နီပြည်နယ်အတွင်း တိုက်ပွဲများတွင် အထိနာလျှက်ရှိသောကြောင့် ဒီးမော့ဆို၊ ဖရူဆို၊ လွိုင်ကော်နှင့် ဖယ်ခုံမြို့နယ် တို့တွင် အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ စစ်ရှောင်စခန်းများ၊ ရပ်ကွက်ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လျှက်ရှိကြောင်း ဖော်ပြထားသည်။

ဓာတ်ပုံ – KNDF
#ဒီးမော့ဆို #စစ်ကောင်စီ #လက်နက် #မူကြိုကျောင်း #သေဆုံး
#Ayeyarwaddy_Times