ဧရာဝတီတိုင်းမ်
(ဟားခါး)၊ နိုဝင်ဘာလ ၁၆ ရက်

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ ည ၁၀ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်များပစ်ခတ်သည့် လက်နက်ကြီးမှာ ကျောဘုတ်ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် ၁၄ နှစ်အရွယ်ကလေးငယ် ၁ ဦးသေဆုံးပြီး ၂ ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ည ၁၀ နာရီခွဲအချိန်ခန့်က ဟားခါးမြို့တွင် သေနတ်သံများထွက်ပေါ်လာပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်ရာ မိုးဟိန်းသောက်ရေသန့်စက်ရုံအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၁၄ နှစ်အရွယ် Salai Shalom Van သေဆုံးခဲ့ပြီး ဝန်ထမ်း ၂ ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“မနေ့ညက ပစ်ခတ်သံတွေတော့ ကြားတယ်။ ပစ်ခတ်သံတွေ ထွက်ပေါ်လာပြီးတော့ စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်တာ။ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးက ဟားခါးမြို့၊ ကျောဘုတ်ရပ်ကွက်မှာ ရွိတဲ့ မိုးဟိန်းသောက်ရေသန့်စက်ရုံဝန်းထဲမှာ ကျရောက်ပေါက်ကွဲသွားတယ်။ လက်နက်ကြီးပေါက်ကွဲမှုကြောင့် စက်ရုံဝန်းထဲမှာ ရွိတဲ့ Salai Shalom Van(၁၄)နှစ်အရွယ် ကလေးငယ် ၁ ဦးသေဆုံးသွားပါတယ်။ ပြီးတော့ စက်ရုံထဲကအမျိုးသား ၂ ဦးလည်းဒဏ်ရာရရှိခဲ့ပါတယ်။ဒဏ်ရာရရှိသူ ၂ ဦးထဲက တစ်ဦးကတော့ ခြေထောက်မှာ ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိတယ်လို့ ကြားသိရပါတယ်။အခုဟားခါးဆေးရုံမှာဆေးကုသမှုခံယူနေတယ်”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယမန်နေ့ညက ဟားခါးမြို့တွင်းတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ချင်းအမျိုးသားတပ်မတော်(CNA)မှ တပ်ကြပ်တစ်ဦးကျဆုံးသွားကြောင်း ဒေသတွင်းသတင်းဌာနများ၏ ဖော်ပြချက်အရသိရပြီး မြို့တွင်းတိုက်ပွဲနှင့် ပတ်သက်၍ သီးခြားအတည်မပြု နိုင်သေးသလို ဒေသကာကွယ်ရေးတပ်မှ တစ်စုံတရာထုတ်ပြန်ထားခြင်းမရှိသေးပါ။

ဟားခါးမြို့တွင် ဒေသကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ မကြာခဏတိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်နယ်ရုံးနှင့် ဌာနဆိုင်ရာအဆောက်အအုံများလည်း မကြာခဏမီးလောင်မှုဖြစ်ပွားခဲ့ကြောင်းဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#ဟားခါး #ညအချိန် #လက်နက်ကြီး #သေဆုံး
#Ayeyarwaddy_Times