ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊နိုဝင်ဘာလ ၁၆ ရက်
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အခြေ စိုက် ခမရ (၄၀၉) တပ်ရင်းမှစစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး နိုဝင်ဘာလ ၁၄ ရက်နေ့က ဆေးရုံတက်ရောက်ကုသနေ ရာမှသေဆုံးသွားကြောင်း ဒေသခံများထံကသိရသည်။
သေဆုံးသွားသူမှာ စစ်ကောင်စီတပ်၏ အမှတ် ၈ စစ်ဆင် ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၈)လက်အောက်ခံ အမှတ် ၄၀၉ ခြေမြန်တပ်ရင်း( ခမရ ၄၀၉) မှ အသက် ၅၅ နှစ်အရွယ် ဒုအရာခံဗိုလ် မျိုးဝင်းထွန်းဆိုသူဖြစ်ပြီးနှလုံးသွေးကြောပိတ်ရောဂါဖြင့် ကံပေါက်အခြေစိုက် အမှတ် ၁၃ စစ်ဆေးရုံ ၊ ကုတင် ၂၅ (တဆရ ၁၃/၂၅) တွင်သေ ဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
” မနေ့က နေ့လည်မှာသဂြိုဟ်လိုက်တာပါ။ ကလိန်အောင်မြို့အခြေစိုက် ၄၀၉ တပ်ရင်းထဲက ဒုအရာခံဗိုလ် ၁ ဦးရဲ့နာရေးဖြစ်ပါတယ်။ ဒီအတိုင်းရောဂါနဲ့ သေတာ ။ အဲ့ဒီစစ်ဆေးရုံမှာ တက်နေတဲ့စစ်သားတွေ ခုရက်ပိုင်းသေတာများတယ်။ မနေ့ကလည်း ကံပေါက်ရေတပ်က တပ်ကြပ် ကြီး ၁ ယောက်သဂြိုဟ်ရတယ်၊ ရှေ့နောက်ဘဲ” ဟု ကံပေါက်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
နိုဝင်ဘာလ ၁၄ ရက် တစ်ရက်တည်းမှာပင် အဆိုပါ ကံပေါက်စစ်ဆေးရုံတွင်ဆေးရုံတက်နေသည့် ကံပေါက်အခြေစိုက် မောရဝတီရေတပ်စခန်းဌာနချုပ်က တပ်ကြပ်ကြီးတစ်ဦး နှလုံးသွေးကြောပေါက်ရောဂါနဲ့သေဆုံးပြီးနောက် ကလိန်အောင်မြို့အခြေစိုက် ခမရ ၄၀၉ တပ်ရင်းမှ ဒုအရာခံဗိုလ်တစ်ဦးလည်း နှလုံး သွေးကြောပိတ်ရောဂါနဲ့ ထပ်မံသေဆုံးသွားကြောင်း ဒေသခံများထံမှသိရပါသည်။
ထားဝယ်အခြေစိုက် စစ်ကောင်စီတပ်၏ အမှတ် ၈ စစ် ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၈) တပ်မနှင့် လက် အောက်ခံတပ်များသည် ကရင်ပြည်နယ်တပ်မဟာ ၅ နှင့် ၆ နယ်မြေများတွင်တိုက်ခိုက်ရေး ဝင်ရောက်နေပြီး နောက်ချန်စစ်အင်အားမှာ ဆေးရုံတက်ရောက်သူနှင့် ရုံးပိုင်းစစ်ကောင်စီတပ်သားများ သာနောက်တန်းကျန်ရစ်ကာ ရှေ့တန်းစစ်ကောင်စီတပ်သားများ ကရင်ပြည်နယ်အတွင်းသေဆုံးမှုများနေသလို နောက်တန်းမှစစ်ကောင်စီတပ်သားများလည်း သေဆုံးမှုများရှိနေကြောင်း သိရသည်။
#ကလိန်အောင် #ခမရ ၄၀၉ #ဒုအရာခံဗိုလ် #မျိုးဝင်းထွန်း #ကံပေါက်စစ်ဆေးရုံ #သေဆုံး #AyeyarwaddyTime