ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊နိုဝင်ဘာလ ၁၆ ရက်

တနင်္သာ ရီတိုင်း၊ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေး ရွာတွင် လက်နက်ကိုင်ဆောင်ပြီး မူးယစ်ဆေးဝါးရောင်း ဝယ်ဖောက်ကားသူ ၂ ဦးကို ဒေသကာကွယ်ရေးတပ်ဖွဲ့- PDF များမှ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ထားဝယ်မြို့နယ်အတွင်း မူးယစ်ဆေးဝါးရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့မှ အဖွဲ့ဝင် သားထူး ဆိုသူအား နိုဝင်ဘာ ၁၃ ရက် နေ့လည် ၁၂နာရီ ခန့်အချိန်တွင် မောင်မယ်ရှောင်ကျေးရွာတွင်ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်အဖြစ် မူးယစ်ဂိုဏ်းအဖွဲ့ဝင် စိုးစိုးကို နိုဝင်ဘာလ ၁၄ ရက် မနက် ၆ နာရီခန့်တွင်ထပ်မံဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်သားထူးထံမှ WY ဆေးပြား ၇၅ ပြား ၊ICE ၂၄ တောင့် ၊ လက် ကိုင်ဖုန်း ၂ လုံး ၊ ငွေသား ခုနှစ်သောင်းကျပ် ၊လေးခွ ၁ လက် တို့သိမ်းဆည်းရမိခဲ့ပြီး စိုးစိုးထံမှ WY ဆေးပြား ၇ဝဝ ၊ ICE(ကာလတန်ဖိုးကျပ်သိန်း၂ဝ ဝန်းကျင်ခန့်ပါ အထုပ်ကြီးတစ်ထုပ်) ၊ ဆေးခြောက် ၁ထုပ် ၊ ဓား ၁ လက် ဖုန်း၂လုံး တို့အပြင် လက်နက်ခဲယမ်းများဖြစ်သည့် ပစ္စတို ၁ လက် ၊ ပစ္စတိုကျည် ၂ဝ တောင့် ၊ 22ကျည် ၂ဝ တောင့် ၊ မဂ္ဂနစ်ကျည် ၂ဝ တောင့် တို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း DGRF တာဝန်ရှိသူကပြောသည်။

” မူးယစ်ဂိုဏ်းဝင် တရားခံ၂ဦးထံမှသိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေကို ကျနော်တို့ တပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ပြီးဖြစ်ပါတယ်။ သက်သေခံ ပစ္စည်းတွေကို သိမ်းဆည်းထားပြီးတော့ တရားခံတွေကိုတော့ လုပ်ထုံး လုပ်နည်းတွေနဲ့အညီ ဆောင် ရွက်ဖို့ ထိန်းသိမ်းထားဆဲဖြစ်ပါတယ်” ဟု Dawei Guerrilla Revolutionary Force -DGRF မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထားဝယ်မြို့နယ်အတွင်းစစ်ကောင်စီ အတွက် အခွန် ဘဏ္ဍာ ရှာဖွေပေးနေသော လောင်းကစားဝိုင်းများနှင့်မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားခြင်းများကို မပြုလုပ်ကြရန် DGRF(ထားဝယ်ပြောက် ကျားတော် လှန်ရေးအဖွဲ့ ထားဝယ် ပကဖ) မှ ထုတ်ပြန်ချက်ထုတ်ထားပါသည်။

အဆိုပါသတိပေးချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိပဲ ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက မိမိတို့ တပ်ဖွဲ့ဝင်များအနေဖြင့် လျော့ပေါ့ငဲ့ညှာခြင်းမရှိပဲ ပြင်းပြင်း ထန်ထန် အပြစ်ပေးသွားမည်ဖြစ်ကြောင်း (DGRF) မှထုတ်ပြန်ထားပါသည်။

#ထားဝယ် #DGRF #မူးယစ်တရားခံ #ဖမ်းဆီးရမိ #AyeyarwaddyTimes