ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၆ ရက်
ဧရာဝတီတိုင်း၊ ဖျာပုံမြို့မှာရှိတဲ့ ဖျာပုံခရိုင်အကျဉ်းထောင်မှာ နိုဝင်ဘာလ ၁၂ ရက်နေ့က နိုင်ငံရေး အကျဉ်းသား ၁ ဦး လျှပ်စစ်ကျင်စက်နဲ့ထိုးပြီး နှိပ်စက်ခံခဲ့ရတယ်လို့ အကျဉ်းထောင်အသိုင်းဝိုင်းက သိရပါတယ်။
နိုင်ငံရေးပုဒ်မတပ် စွပ်စွဲဖမ်းဆီးခံထားရတဲ့ ကိုစံလင်းစံ(ခ) ဖိုးသားကို အကျဉ်းထောင်ဝန်ထမ်းတွေက ထောင်ဘူးထဲ ခေါ်ဆောင်ပြီး ရိုက်နှက် ကန်တာတွေပြုလုပ်ကာ ကျင်စက်နဲ့ပါ ထိုးခဲ့တာလို့ နီးစပ်သူတွေက ပြောပါတယ်။
အကျဉ်းထောင်ဝန်ထမ်းနဲ့ စကားများတာကို အညိုးထားပြီးလုပ်တာ ဝန်ထမ်းတွေပေါင်းလုပ်တာ နဖူးမှာ ၂ ချက်ချုပ်လိုက်ရတယ် ဆေးကုသခွင့်မပေးသေးဘူးလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဖျာပုံအကျဉ်းထောင်မှာ နိုင်ငံရေးပုဒ်မတပ်စွပ်စွဲဖမ်းဆီးခံထားရသူကို ဝိုင်းဝန်းထိုးရိုက်နှက် နှိပ်စက်ရာမှာ ဦးဆောင်ခဲ့ဟာ ဖျာပုံအကျဉ်းထောင်တာဝန်ခံ အရာရှိ ထောင်ပိုင် ဇော်ထွန်းဦး ဖြစ်တယ်လို့ ဆိုပါတယ်။
အကျဉ်းထောင်ဝန်ထမ်းတွေ ဝိုင်းနှိပ်စက်မှုကြောင့် ဒဏ်ရာရရှိခဲ့တဲ့ ကိုစံလင်းစံ(ခ)ဖိုးသား ကို ဆေးကုသခွင့်မပေးထားဘူးလို့ အကျဉ်းထောင်နဲ့နီးစပ်တဲ့အသိုင်းဝိုင်းက သိရပါတယ်။