
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၅ ရက်
မန္တလေးတိုင်း၊ ရမည်းသင်းမြို့တွင် ယမန်နေ့ နိုဝင်ဘာလ ၁၄ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်ကဘုန်းကြီး ၁ ပါးကို ရိုက်နှက်ဖမ်းဆီးသွားကြောင်း ဒေသခံများထံကသိရသည်။
ရိုက်နှက်ဖမ်းဆီးခံရသူမှာ လှည်းကူးမြို့နယ် မင်းကုန်းကျေးရွာ ဓမ္မဘာယာကျောင်းမှ အရှင်သုဇာတာ ဟု သိရပြီး ရမည်းသင်းမြို့ပေါ်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် NUG နှင့် PDF အဖွဲ့များကို အမည်ဖျက်ဆန့်ကျင်ကြောင်းဆန္ဒပြရန်အတွက် လှည်းကူးမြို့နယ်မှတစ်ဆင့်ရောက်ရှိနေသည့် မဘသ မျိုးချစ်ဘုန်းကြီးတစ်ပါးဖြစ်သည်ဟုဆိုသည်။
အဆိုပါ မဘသ ဘုန်းကြီးအား စစ်ကောင်စီတပ်သတင်း ပေး ဒလန်များကတော်လှန်ရေးဆန္ဒပြသံဃာဟု မှားယွင်း သတင်းပေးသဖြင့် စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဒလန်ကသတင်းပေးမှားသွားတာ။ အမှန်က သူတို့ဘက်ကနေပြီး ဆန္ဒပြဖို့ရောက်နေတာ။ NUG တို့ PDF တို့ကို ဆန့်ကျင်ကြောင်းဆန္ဒပြဖို့အတွက် လာတာ မျိုးချစ်အဖွဲ့တွေပေါ့ဗျာ။ သူ့ဆီမှာ သာသနာဝင်ကတ်တွေများကြီးပဲ၊ မူးလည်းမူးနေတယ်။ သူကပြန်ပြီးတော့ ငါကဒီကိုအရေး ကြီးကိစ္စနဲ့လာတာကွဆိုပြီးပြောသေးတာ။ စစ်တပ်က လူဝတ်လဲခိုင်းပြီးရိုက်နှက်ပြီးစစ်နေရင်းက နောက်မှ သူတို့ဘက်နေပြဖို့လာတဲ့ မဘသဘုန်းကြီး ဆိုတာသိသွားတာ” ဟု ဒေသခံအမျိုးသားတစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီအဖွဲ့များမှ အဆိုပါ မဘသဘုန်းကြီးအား မှား ယွင်းလူဝတ်လဲရိုက်နှက်စစ်ဆေးပြီးနောက် စစ်ကား ဖြင့်ခေါ်ဆောင်သွားကာ သင်္ကန်းပြန်ဝတ်စေပြီး လိုင်းကားဖြင့် ရန်ကုန်သို့ပြန်လည်ပို့ဆောင်လိုက်ကြောင်း ရမည်သင်းမြို့နယ်ရှိ စစ်ကောင်စီနှင့်နီးစပ်သူတစ်ဦးထံမှ သိရှိရသည်။
#ရမည်းသင်း #မဘသဘုန်းကြီး #စစ်ကောင်စီတပ် #မှားယွင်းဖမ်းဆီး #Ayeyarwaddy_Times