ဧရာဝတီတိုင်းမ်
(ဖလမ်း)၊ နိုဝင်ဘာလ ၁၅ ရက်

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် CDF-Hualngoram ထိန်းချုပ်နယ်မြေအတွင်းဒေသတစ်ခုတွင် Hualngoram Peoples Organization မှဉီးဆောင်ကာ နိုဝင်ဘာလ ၁၂ ရက်၌ ကုတင် ၈လုံးဆံ့ဆေးရုံကို အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။

Liando Hospital ဟု အမည်ပေးထားသည့် အဆိုပါဆေးရုံတွင် ခွဲစိတ်ခန်းတစ်ခုပါရှိပြီး ဆရာ၀န်တစ်ဦးအပါအ၀င် သူနာပြုဆရာမများက ကုသပေးနေပြီဖြစ်ကြောင်း CDF-Hualngoram အဖွဲ့ဝင်ထံမှ သိရသည်။

“ဆေးကုသမှုခံယူလာတဲ့ လူနာများထံမှ ငွေကြေးကောက်ခံပြီး ဆေးကုသတာမျိုးအတွက်တော့ မဟုတ်ဘူး။ ဒီဆေးရုံကို ကျွန်တော်တို့ CDF ရဲဘော်တွေအတွက်ရော ဒီဆေးရုံအနီးနားက ကျေးရွာတွေအတွက် အဓိကရည်ရွယ်ပြီး ဆောက်တာဖြစ်တယ်။ နိုင်ငံခြားကအလှူငွေ၊ Hualngoram နယ်မြေက အသင်းတော်တွေရဲ့ အလှူငွေတွေနဲ့ ဆေးဝါးများကို ဝယ်နေတာ။ဆက်လက်ပြီးအလှူရှင်တွေ၊ စေတနာ.ဝန်ထမ်းတွေလည်းလိုအပ်နေပါတယ်”ဟု CDF-Hualngoram အဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

Liando Hospital အနီးပတ်ဝန်ကတင်ရှိ ရွာပေါင်း၃၀ ဝန်းကျင်က ဒေသခံများ တက်ရောက်ကုသနိုင်ပြီး လူနာရှင်အနေဖြင့် စေတနာကြေးထည့်ဝင်နိုင်ပြီး ငွေကြေးခက်ခဲနေသူများကိုမူ အခမဲ့ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။