
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၅ ရက်
ကရင်ပြည်နယ်၊ သေ့ဘော့ဘိုးကျေးရွာအနီးသို့ ယမန်နေ့နိုဝင်ဘာလ ၁၄ ရက်တွင် စစ်ကောင်စီလက်အောက်ခံ တပ်မ(၄၄)၊နည်းဗျူဟာ(၄၄၃)တပ်များမှ ကျူးကျော်ဝင်ရောက်လာသောကြောင့် ညနေ ၃နာရီမှ ည၇ နာရီအထိတိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းမှ သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်များအား ပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် KNLA တပ်ရင်း (၂၇) ကော်ဘရာပူးပေါင်းစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ တပ်မဟာ လုံခြုံရေးစစ်ကြောင်း၏ တပ်ခွဲ(၂)၊ Federal Wings Drone အဖွဲ့၊ ရောင်နီတပ်ခွဲ ဒရုန်းအဖွဲ့ တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။
နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်များအားအမြောက်တပ်ဖွဲ့ အမတ(၄၀၂)၊ ဒုန်းတပ်ရင်း ဒတရ (၆၀၈) တို့မှ (၁၂၀) မမ လက်နက်ကြီးများ၊ (၁၂၂) မမ အလုံး (၄၀) အတွဲလိုက်ပစ် MLRS ဒုံးကျည်များဖြင့် ပစ်ကူပေးခဲ့ကြပြီး ပူးပေါင်းတပ်ဖွဲ့မှ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီဘက်မှ အရာရှိတစ်ဦးအပါအဝင် ၄ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်းဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်းလညိး ထုတ်ပြန်ချက်အရသိရသည်။
တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သော်လည်း ပူးပေါင်းတပ်ဖွဲ့ဝင်များဘက်မှ ထိခိုက်မှုမရှိခဲ့ဘဲ စစ်ကောင်စီတပ်သားများထံမှ ၅.၅၆ (ကပစ)ကျည်ဆန် (၃၇၀)တောင့်၊ (၄၀)မမ ဗုံးသီး (၈)လုံး၊ RPG ဗုံးသီး (၃)တောင့်၊ ၎င်းပို့ယမ်းတောင့် (၃)တောင့်၊ (၅.၅၆)ကျည်ဘောက် (၈)ခု၊ MA – 2 ကျည်ဘောက် (၁)ခု၊ လက်ပစ်ဗုံး (၁)လုံး၊ နင်းမိုင်း (၂)လုံး၊ စစ်သုံးမြေပုံ (၁)ချပ်၊ ကျည်ကာ ဦးထုပ် (၁)လုံး၊ စစ်သုံး လွယ်အိတ် (၁)လုံး၊ စာရွက်စာတမ်းများ၊ ပုခတ် (၁)လုံး၊ ပေါက်တူး (၁)လက်၊ စက်အားသွင်းခုံ (၁)ခု၊ ရေဘူး(၁) လုံး၊ ကိုယ်ရေးကိုယ်တာ ဓာတ်ပုံ(၂)ပုံ တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့အပြင် နိုဝင်ဘာလ ၁၄ ရက်နေ့တွင်ပင် ကော်ဘရာစစ်ကြောင်း၏ စနိုက်ဘာ တပ်ဖွဲ့ဝင်များ၏ လက်ချက်ဖြင့် လေ့ကေ့ကော် ရေကန်ကုန်းစခန်းရှိ စစ်ကောင်စီတပ်သား အနည်းဆုံး ၁ ဦး သေဆုံးခဲ့ပြီးစစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။
ယနေ့နိုဝင်ဘာ ၁၅ ရက် နေ့လည် ၁၁ နာရီခွဲတွင်လည်း လူခို့၊ ညောင်ချောင်းအနီးတွင် စစ်ကောင်စီတပ်များနှင့် ပူးပေါင်းတပ်ဖွဲ့များအကြား နာရီဝက်ကျော်ကြာ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်းလည်း သိရပါသည်။
ဓာတ်ပုံ – ကော်ဘရာစစ်ကြောင်း
#သေ့ဘော့ဘိုး #ကော်ဘရာစစ်ကြောင်း #စစ်ကောင်စီ #တိုက်ပွဲ
#Ayeyarwaddy_Time