ဧရာဝတီတိုင်းမ်
(သာယာဝတီ)၊ နိုဝင်ဘာလ ၁၅ ရက်

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီမြို့နယ်တွင်းရှိ အိုက်ကဒုံးကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မြစ်ကျိုးကျေးရွာအုပ်ချုပ်ရေးမှူး ၂ ဦးအား သာယာဝတီဂဠုန်တပ်ဖွဲ့မှ ယမန်နေ့ နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန်က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

အိုက်ကဒုံးအုပ်ချုပ်ရေးမှူးမင်းနိုင်နှင့် မြစ်ကျိုးအုပ်ချုပ်ရေးမှူးကြီးမြင့်တို့အား မြို့နယ်စိုက်ပျိုးရေးဘဏ်မှာပြန်လာစဉ် သုံးဆယ်မြို့၊ ရောင်နီကုန်းရွာနှင့် ရေလဲရွာကြားတွင် နန်းထိုက်အောင်စစ်ဆင်ရေးအနေဖြင့် သေနတ်ဖြင့်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။

“တစ်ယောက်က နှစ်ချက်နဲ့ပွဲချင်းပြီးသေသွားတယ်။နောက်တယောက်က ဒဏ်ရာပြင်းထန်တော့သာယာဝတီခရိုင်ဆေးရုံးကြီးကနေ အခုရန်ကုန်ဆေးရုံးကိုပို့ထားရတယ်။ သူတို့က လယ်သမားတွေဆီကစိုက်ပျိုးရေးချေးငွေတွေကို ကောင်စီနဲ့ပေါင်းပြီးအတင်းအဓမ္မပြန်တောင်းနေကြတာ။ ခုလည်းစိုက်ဘဏ်ကပြန်လာတဲ့လမ်းမှာ ပစ်သတ်ခံရတာ” ဟု သာယာဝတီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဦးမင်းနိုင်မှာ ရင်ဘတ်နှင့်ဝမ်းဗိုက်ကျည်ထိမှန်ဒဏ်ရာဖြင့်သေဆုံးခဲ့ပြီး အုပ်ချုပ်ရေးမှူးကြီးမြင့်မှာ ဆီးခုံနှင့် ခြေထောက်တို့၌ ကျည်ထိမှန်ကာ အပြင်းအထန်ဒဏ်ရာရရှိထားပြီး ရန်ကုန်ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

အဆိုပါအုပ်ချုပ်ရေးမှူး ၂ ဦးစလုံးမှာ စစ်ကောင်စီလက်အောက်ခံ စိုက်ဘဏ်မန်နေဂျာနှင့်ပေါင်း၍ ငွေကြေးအခက်အခဲဖြစ်နေသည့်လယ်သမားများထံမှ စိုက်ဘဏ်ချေးငွေများ ဖိအားပေးတောင်းခံနေသူများဖြစ်ကြောင်း သိရသည်။

သာယာဝတီဂဠုန်တပ်ဖွဲ့သည် နိုဝင်ဘာလ ၂ ရက်နေ့ကလည်း ပျူစောထီးခေါင်းဆောင်တစ်ဦး၏လက်ရင်းတပည့် ပိုက်တင်အား ပစ်ခတ်ရှင်းလင်းခဲ့သေးကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။

#သာယာဝတီ #အုပ်ကြီး #ပစ်ခတ် #သေဆုံး
#Ayeyarwaddy_Times