
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၅ ရက်
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့တွင် ယမန့်နေ နို ဝင်ဘာလ ၁၄ ရက် ည ၈ နာရီ ၂၀ မိနစ်ဝန်းကျင် ယာဥ်ထိန်းရဲ ၁ ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံကသိရသည်။
ပစ်သတ်ခံရသူမှာ အသက် ၄၀ ဝန်းကျင်ရှိ စစ်အုပ်စုလက်အောက်ခံ ယာဥ်ထိန်းရဲတပ်ကြပ်ကြီး စန်းမော် အောင်ဆိုသူဖြစ်ပြီးကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်၊ချမ်းမြေ့ဆေးခန်းလမ်းရှိ ၄င်း၏ မယား ငယ်၏နေအိမ်တွင် သေနတ် ၅ ချက်ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း မြို့ခံများကပြောသည်။
“ဒီယာဥ်ထိန်းရဲက ငွေတောင်းတဲ့နေရာမှာ နာမည်ဆိုးထွက်နေတဲ့လူဖြစ်တယ်။ ဆိုင်ကယ်ဖမ်းတယ် အဆ မတန်ငွေတောင်းကြမ်းတယ်။လွန်ခဲ့တဲ့ရက်က သတ္တိ ရှိတဲ့ကောင်လာခဲ့စမ်း၊ ငါရဲစခန်းမှာနေတယ် ဆိုပြီး ကြွေးကြော်ခဲ့သေးတယ်။ မူးယစ်ဆေးဝါးလည်း လိုင်းကြေးတောင်းတယ်။ သူကိုယ်တိုင်လည်းဖြန့်တယ်လို့ပြောတယ်။ ပစ်ခတ်ရတာသူ့မယားငယ်နေအိမ်မှာပစ်ခံရတာလို့သိရတယ်။ ပိုင်ဆိုင်မှုဆိုတာလည်း ယာဥ်ထိန်းရဲနဲ့မလိုက်အောင် အရမ်းချမ်းသာတယ်” လို့ ကော့သောင်းမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
၎င်း ယာဥ်ထိန်းရဲ တပ်ကြပ်ကြီး စန်းမော်အောင် သည် ကျည် ၅ ချက် ဦးခေါင်းထိမှန်ပြီး ကော့သောင်းမြို့၊ ၆ မိုင် ကုတင် ၁၀၀ စစ်ဆေးရုံသို့အရောက်တွင် သေဆုံးခဲ့ကြောင်း ဒေသခံများထံကသိရသည်။
ယာဥ်ထိန်းရဲ သေနတ်နဲ့ပစ်သတ်ခံရပြီးနောက်
စစ်ကောင်စီတပ်များသည် ရပ်ကွက်များအတွင်းပိတ်ဆို့ ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်မှုအား မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ကို မသိရသေးပါ။ ကော့သောင်းမြို့သည် ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်ပြီး မူးယစ်ဆေးဝါးနှင့်လက်နက်များ မှောင်ခိုရောင်းချမှုများ အများအပြားရှိသည့်မြို့ဖြစ်ကြောင်းဒေသခံများထံကသိရသည်။