
ဧရာဝတီတိုင်းမ်
(မူဆယ်)၊ နိုဝင်ဘာလ ၁၅ ရက်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မြန်မာ-တရုတ်နယ်စပ်၊ မူဆယ်မြို့၊ ကောင်းမူတုံရပ်ကွက် Top One မိုတယ်ရှေ့တွင် ယမန်နေ့က ဗုံးပေါက်ကွဲမှုတွင် ထိခိုက်ဒဏ်ရာသူများတွင် ပြည်သူ့စစ်များအပြင် အရပ်သား ၁၀ ဦးထက်မနည်းပါဝင်နေကြောင်း သိရသည်။
ဗုံး ၃ လုံးပေါက်ကွဲမှုအတွင်း Top One မိုတယ်ရှေ့၌ လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီ လက်အောက်ခံပြည်သူ့စစ် ၂ ဦးနှင့် အသက် ၅ နှစ်ကျော်အရွယ် ကလေးငယ်အပါအဝင် အရပ်သား (၁၀)ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက အတည်ပြုပြောဆိုသည်။
ဒေသခံအမျိုးသားတစ်ဦးက “ပထမပေါက်ကွဲမှု ဖြစ်တဲ့အချိန်မှာတော့ ထိခိုက်တာတွေ မရှိသေးဘူး။ နောက် ၂ လုံး ထပ်ပြီး ပေါက်တဲ့အချိန်မှာတော့ လမ်းသွား လမ်းလာ အရပ်သားလူထုတွေ ထိခိုက်တာတွေရှိတယ်၊ အနည်းဆုံး ဆယ်ယောက်လောက်ရှိမယ်၊ အသက်(၅)နှစ်ကျော်ကလေးလည်းပါတယ်၊ အားလုံးကို လူမှုကူညီရေးအသင်းတွေက ဆေးရုံပို့ပြီး ဆေးဝါးကုသဖို့ လုပ်ပေးတယ်၊ အသက်အန္တရာယ် စိုးရိမ်ရတဲ့သူတွေတော့ မရှိဘူး”ဟု ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယင်းပေါက်ကွဲမှုနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းမှ လုပ်ဆောင်ခဲ့သည်ကို မသိရသေးကြောင်း ဒေသခံအချို့က ဆိိုသည်။
မူဆယ်မြို့တွင် တိုင်းရင်းသား လက်နက်ကိုင်များဖြစ်သည့် တအာင်း TNLA၊ ကချင် KIA၊ ရှမ်း SSPP၊ ကိုးကန့် MNDAAတို့အပြင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် (PSDA)တို့ သွားလာလှုပ်ရှားလျက်ရှိပြီး စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံ ပြည်သူ့စစ်တပ်များရှိသည့်နေရာများတွင် ပေါက်ကွဲမှုနှင့် ပစ်ခတ်ခံရမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ထိခိုက်သေဆုံးမှုများလည်း ရှိသည်ဟု ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းတွင်လည်း မူဆယ်မြို့၊ အမှတ်(၁) စည်ပင်သာယာဈေးအနီးရှိ ယာဉ်ထိန်းရဲကင်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးနှင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – နှလုံးလှ ပရဟိတ လူမှုကူညီရေးအသင်း
#မူဆယ် #ဗုံးပေါက်ကွဲ #ဒဏ်ရာရ #ပြည်သူ့စစ် #အရပ်သား
#Ayeyarwaddy_Times