ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၄ ရက်

ပဲခူးတိုင်း၊ ကဝမြို့နယ်၊ သက္ကလမြို့ရှိ စစ်ကောင်စီတပ်မှ စစ်ဆေးဆရာဝန်တွေက ပြင်ပရှိ အထူးကုဆေးခန်းတစ်ခုတွင် ဆေးကုသနေတယ်လို့ ဒေသခံတွေကဆီက သိရပါတယ်။

ကဝမြို့နယ်၊ သက္ကလမြို့အခြေစိုက် စစ်ကောင်စီတပ်မှ စစ်ဆေးဆရာဝန်တွေဟာ ဘူတာရပ်ကွက်မှာရှိတဲ့ “သုခချမ်းသာ”အမည်ရှိ ပုဂ္ဂလိပိုင် အထူးကုဆေးခန်းမှာ ဆေးခန်းထိုင်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

“သုခချမ်းသာမှာ တပ်ထဲက ဆရာဝန်တွေနေ့တိုင်း အလှည့်ကျနဲ့ ဆေးခန်းထိုင်ကြတယ်။ စဖွင့်တာ ၂လ ၃လ လောက်ပဲရှိသေးတယ်။ ဖွင့်ထားတဲ့ အိမ်ကလည်း စစ်ဆေးဆရာဝန်ပဲ။ ချင်းပြည်နယ်မှာ တာဝန်ကျပြီးပြန်လာတာ ၂ လလောက်ပဲရှိသေးတာ” လို့ သက္ကလမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

အဆိုပါ ဆေးခန်းဟာ လူနေရပ်ကွက်အတွင်း ဖွင့်လှစ်ထားတာဖြစ်ပြီး ဆေးခန်း အကျယ်အဝန်းမှာလည်း ကျဥ်းတာကြောင့် ဆေးခန်းဖွင့်ချိန်မှာ ပိတ်ချိန်အထိ ရပ်ကွက်အတွင်း နေ့စဥ် လူစုလူဝေးဖြစ်ပေါ်လေ့ရှိတယ်လို့ သိရပါတယ်။

“မြို့ခံတွေကတော့ မသိကြဘူး။ တပ်နဲ့ နီးစပ်သူတွေလောက်ပဲ ပါရဂူတွေက တပ်ထဲက စစ်ဆေးဆရာဝန်တွေမှန်း သူတို့က ဆေးခန်းထိုင်ပြီးတာနဲ့ တပ်ထဲကိုတန်းပြန်ကြတာပဲ။ ဆေးခန်းဖွင့်တဲ့ချိန်ဆို လာပြတဲ့လူနာတွေနဲ့ ဆူညံနေတာပဲ။ အဲ့ရပ်ကွက်ထဲကလူတွေကတော့ တော်တော်လေး သည်းခံနေကြရတာ” လို့ သက္ကလမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ စစ်ဆေးဆရာဝန်တွေကို တပ်တွင်း တာဝန်ကျ ဆေးခန်းမှလွဲ၍ ပြင်ပရှိ ဆေးခန်းများတွင် ဆေးကုသခွင့်ပိတ်ပင်ထားပြီး ခုလိုမျိုး ပုဂ္ဂလိကဆေးခန်းမှာ ဆေးကုသတာဟာ တပ်တွင်းချမှတ်ထားတဲ့ စည်းကမ်းဖောက်ဖျက်တာသာဖြစ်တယ်လို့ CDM တပ်မတော်သားအရာရှိတစ်ဦးက ဆိုပါတယ်။

“တပ်ထဲမှာ စာထုတ်ပြီးပိတ်ပင်ထားတာပါ။ စစ်ဆေးဆရာဝန်တွေ အပြင်မှာ ဆေးကုသခွင့်မရှိဘူး။ ဆေးခန်းထိုင်ခွင့်မရှိဘူး။ နားလည်မှုနဲ့လည်း ခွင့်ပြုပေးထားတာတွေရှိပေမယ့် ခုလိုလုပ်နေတာဟာ တရားမဝင်ပါဘူး” လို့ CDM တပ်မတော်သားအရာရှိတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

သက္ကလမြို့အခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက “သက္ကလမှာ စစ်တပ်က စစ်ဆေးဆရာဝန်တွေ ဆေးခန်းဖွင့်ထားတယ်လို့ သိရတယ်။ ဒေသခံတွေအနေနဲ့လည်း သူတို့ကို တပ်ထဲကမှန်းမသိလို့ ကုနေကြတာပါ။ သူတို့ဆေးခန်းက ရတဲ့ငွေတွေဟာ စစ်ကောင်စီတပ်ဆီကို ပြန်လည်စီးဆင်းနေတာဖြစ်လို့ ဒေသခံပြည်သူတွေအနေနဲ့ သတိထားသင့်ပါတယ်။ အဲ့ဆေးခန်းကို ရှောင်ရှားကြဖို့နဲ့ တခြားဆေးခန်းမှာပဲ ပြသပေးကြဖို့ သတိပေးလိုပါတယ်” လို့ ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် ဒေသခံပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်နဲ့ သူတို့ရဲ့ အကျိုးစီးပွားနဲ့ပတ်သတ်သူတွေနဲ့ ဆက်ဆံရေးမလုပ်ပဲ ရှောင်ရှားကြဖို့ သတိပေးပြောဆိုထားပါတယ်။

#သက္ကလ #စစ်ကောင်စီ #စစ်ဆေးဆရာဝန် #ဆေးခန်းထိုင် #ပိုက်ဆံရှာ
#Ayeyarwaddy_Times