ဧရာဝတီတိုင်းမ်
(မော်လမြိုင်)၊ နိုဝင်ဘာလ ၁၄ ရက်

မွန်ပြည်နယ်၊ မော်လမြိုင်‌မြို့၊ ဇေယျာသီရိ ၃ ရပ် ကွက်တွင် ယနေ့ နိုဝင်ဘာလ ၁၄ ရက် ညနေ ၅ နာရီဝန်းကျင်မှ ည ၈ နာရီဝန်းကျင်အထိ ၃ နာရီ နီးပါး ဒေသခံ PDFများနှင့် စစ်ကောင်စီလက်အောက်ခံတပ်များအကြား နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားကြောင်းသိရသည်။

စစ်ကောင်စီမှ ဇေယျာသီရိရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိမ်အား ဝင်ရောက်စီးနင်းရာမှ နှစ်ဖက်အပြန် အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီမှရပ်ကွက်အတွင်းပိတ်ဆို့ထားကာ လက်နက်ကြီးများဖြင့်ပါအသုံးပြု ပစ်ခတ်နေသည်ဟု ဒေသခံတစ်ဦးကပြောသည်။

“ပစ်နေတာကတော်တော်ကြာပြီ၊ ရပ်ကွက်ထဲကလူတွေကို‌အပြင်ပေးမထွက်ဘူး၊ ရပ်ကွက်ကိုပိတ်ထားတယ်၊ ဇေယျာသီရိ ၁၊၂ ကိုပါပိတ်ထားတာ။ လမ်းတွေလဲပိတ်ထားတယ်၊ ရပ်ကွက်အထွက်လမ်းတွေအကုန်၊ တောင်ပေါ်တန်းအတက်လမ်းပါပိတ်ထားတယ်၊ ရဲကားတွေအဲ့ဘက်ဆင်းသွားတာလဲတွေ့တယ်၊ ဒလန်တိုင်တာလို့ပြောနေကြတယ်၊ အဲ့ကနေဝင်ဖမ်းတော့အပြန်အလှန်ပစ်ကြတာ။ အစက ဒီတိုင်းလက်နက်ငယ်အသံဘဲကြားရတာ။ နောက် ပိုင်းလက်နက်ကြီးတွေနဲ့ပါပစ်နေတယ်၊ လက်နက်ကြီး အသံတွေတအားကျယ်တယ်”ဟု မော်လမြိုင်မြို့ခံတစ်ဦးမှ ဧရာဝတီတိုင်းကိုပြောသည်။

လက်ရှိတွင် နှစ်ဖက်စလုံးမှ ထိခိုက်သေဆုံးမှုများရှိသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ဧရာဝတီတိုင်းမ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။ ဖြစ်စဥ်အသေးစိတ်အားဆက် လက်စုံစမ်းဆဲဖြစ်ပြီးဆက်လက်ဖော်ပြပေးသွားမည်ဖြစ်သည်။

အပြန်အလှန်ပစ်ခတ်မှုအတွင်း ‌စစ်ကောင်စီမှအင်အားအများအပြားဖြင့်တိုက်ခိုက်မှုများပြုလုပ်နေပြီး ဒေသခံပြည်သူများအားလည်း စစ်ကောင်စီမှနေအိမ်မှအပြင်မထွက်ကြရန်သတိပေးခြိမ်းခြောက်ထားကြောင်းလည်း သိရသည်။

မော်လမြိုင်မြို့သည် စစ်ကောင်စီတပ်၏ အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ)စစ်တိုင်းရုံးအခြေစိုက်ရာမြို့ဖြစ်ပြီး တပ်ရင်းအများအပြားအခြေစိုက်ထားကာ စစ်အင်အားများပြားသည့်မြို့တခု​ဖြစ်သည်။

#AyeyarwaddyTimes