ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၇ ရက်
ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် (AA) သိမ်းပိုက်ရန် ကျန်ရှိနေသည့် မြို့နယ် ၃ ခုအနက်မှ ကျောက်ဖြူမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ပြင်းထန်လာပြီး မြေပြင်စခန်းအချို့ လက်လွှတ်ဆုံးရှုံးလာရသည့် ရွေးတုအစိုးရစစ်တပ်က စစ်ရေးပစ်မှတ်မဟုတ်သည့် စနဲမြို့ကို ဒရုန်းဖြင့် မီးလောင်ဗုံးကြဲချ တိုက်ခိုက်ခဲ့သဖြင့် လူနေအိမ် ၆၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ရွေးတုအစိုးရစစ်တပ်သည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်နေ့တို့တွင်စနဲမြို့အတွင်းသို့ ဒရုန်းများ အသုံးပြု၍ မီးလောင်ဗုံးများ ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် ယင်းကဲ့သို့ ပြည်သူပိုင်နေအိမ် အများအပြား မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။
“စနဲကို ဒရုန်း ၂ စီးနဲ့ မီးလောင်ဗုံးတွေ ကြဲချခဲ့တာလို့ သိရပါတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် နိုဝင်ဘာ ၁၄ ရက်နေ့ကလည်း စနဲမြို့၊ တောင်ငူစုရပ်ကွက်အတွင်းသို့ စစ်တပ်၏ စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း AA က အထောက်အထား ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ထားသည်။
ကျောက်ဖြူမြို့နယ်အတွင်း ပြီးခဲ့သည့် နိုဝင်ဘာ ၇ ရက်နေ့မှ စတင်ကာ တိုက်ပွဲများ တစ်ကျော့ပြန် ပြင်းထန်လာခြင်းဖြစ်ပြီး စစ်ရေးနယ်မြေမှာလည်း တောင်မော်ဦးရေတပ်စခန်းနှင့် အဝတောင် စသည့်နေရာများအပြင် မင်းပြင်နှင့် သိုင်းချောင်း စသည့်ကျေးရွာများအထိ ကျယ်ပြန့်လာခဲ့သည်။
ယင်းသို့ တိုက်ပွဲများ ကျယ်ပြန့်လာရာတွင် သိုင်းချောင်းကျေးရွာအနီး ဖြစ်ပွားသည့် တိုက်ပွဲ၌ ရွေးတု အစိုးရစစ်တပ်ဘက်က စခန်းအချို့ကို လက်လွှတ်ဆုံးရှုံးခဲ့ရကာ လက်နက်ခဲယမ်း အများအပြားကိုပါ AA က သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ထို့အတူ အမှတ် (၃၂) ရဲတပ်ရင်းအနီးရှိ မင်းတက် တောင်တွင်လည်း AA က ထိုးစစ်ဆင် တိုက်ခိုက်နေသည့်အတွက် နှစ်ဖက်တိုက်ပွဲများ ဆက်လက် ပြင်းထန်လျက်ရှိသည်။
ဓာတ်ပုံ-AA Info Desk၊