ဆောင်းပါးရှင်-မောင်ဖြူဖွေး
(ဧရာ၀တီတိုင်းမ်၊ နိုဝင်ဘာ ၁၇ ရက်)
တရုတ်နိုင်ငံ၏ လက်ထပ်မှတ်ပုံတင်နှုန်းသည် ၁၈ နှစ်တာကာလအတွင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်း သွားခဲ့ပြီး နိုင်ငံ၏ စီးပွားရေးအနာဂတ်ကို ခြိမ်းခြောက်နေသည့် လူဦးရေကျဆင်းမှုအား ပြောင်းလဲရန် ကြိုးပမ်းနေသော ပေကျင်းအစိုးရအနေဖြင့် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ ကြီးထွားလာနေကြောင်း ပေါ်လွင်စေသည်။
နောက်ဆုံးရရှိလာသော ကိန်းဂဏန်းများအရ ယမန်နှစ်က လက်ထပ်မှုနှုန်း ပြန်လည်မြင့်တက်ခဲ့မှုသည် အခြေ ခံလမ်းကြောင်း တစ်ခုလုံးကို ပြောင်းပြန်လှန်နိုင်ခြင်းထက် အချိန်ရွှေ့ဆိုင်းလိုက်၍ ခေတ္တ သက်သာရာ ရသွားခြင်းသာဖြစ်ကြောင်း ဖော်ပြနေသည်။
ပြည်သူ့အရပ်ဘက်ရေးရာဝန်ကြီးဌာန၏ အချက်အလက်များအရ တရုတ်နိုင်ငံသည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း လက်ထပ်မှု ၄ ဒသမ ၆၄၈ သန်း မှတ်ပုံတင်ခဲ့ပြီး ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၅၀၄,၀၀၀ ခန့် သို့မဟုတ် ၁၀ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့သည်။ အဆိုပါ အရေအတွက်သည် ၁၈ နှစ်တာ ကာလအတွင်း အနိမ့်ဆုံးဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဇနီးမောင်နှံ ၂ ဒသမ ၀၈၂ သန်း ကွာရှင်းပြတ်စဲခဲ့ပြီး ယမန်နှစ်ထက် အနည်းငယ် မြင့်တက်ခဲ့သည်။
လူဦးရေဆိုင်ရာ ပညာရှင်များက ယခုကဲ့သို့ ကျဆင်းမှုသည် တစ်နှစ်ပတ်လုံး ဆက်လက်ဖြစ်ပေါ် နိုင်မည်ဟု ခန့်မှန်းထားသည်။ ၂၀၂၆ ခုနှစ် တစ်နှစ်ပတ်လုံး မှတ်ပုံတင်ထားသော စုံတွဲပေါင်း ၅ ဒသမ ၈၈ သန်းမှ ၆ ဒသမ ၄၆ သန်းအထိသာ ရှိနိုင်ပြီး ယင်းသည် ၂၀၂၅ ခုနှစ်တွင် မှတ်တမ်းတင်ခဲ့သော ၆ ဒသမ ၇၆၅ သန်းအောက် လျော့နည်းသွားမည်ဖြစ်ကြောင်း တရုတ်လူဦးရေဆိုင်ရာ ပညာရှင်များက ခန့်မှန်းကြသည်။
ထိုအခြေအနေသည် မင်္ဂလာဆောင်ရန် ရက်ကောင်းရက်မြတ်များ၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရိုးရှင်းလွယ်ကူစေသော မှတ်ပုံတင်ခြင်းစနစ်နှင့် ဒေသန္တရအစိုးရများ၏ မက်လုံးပေးမှုများကြောင့် တစ်စိတ်တစ်ပိုင်း ဖြစ်ပေါ်လာခဲ့သည့် ယမန်နှစ်၏ ၁၀ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်မှုကို ပယ်ဖျက် လိုက်သကဲ့သို့ ဖြစ်သွားစေမည် ဖြစ်သည်။
ယင်း၏ အကျိုးသက်ရောက်မှုများသည် လက်ထပ်မှုနှုန်း ကိန်းဂဏန်းအချက်အလက်များထက် များစွာကျော်လွန်နေပါသည်။ တရုတ်နိုင်ငံတွင် လက်မထပ်ဘဲ ကလေးမွေးဖွားခြင်းသည် ရှားပါးဆဲ ဖြစ်ပြီး လက်ထပ်မှတ်ပုံတင်ခြင်းသည် အနာဂတ် ကလေးမွေးဖွားနိုင်စွမ်း၏ အရေးကြီးသော ညွှန်ပြချက်တစ်ခု ဖြစ်သည်။ ယနေ့ လက်ထပ်မှု နည်းပါးခြင်းသည် မနက်ဖြန်တွင် ကလေးမွေးဖွား နိုင်ခြေရှိသည့် အရေအတွက်ကို လျော့နည်းစေသည်။ ယခုနှစ်အတွင်း လက်ထပ်မှတ်ပုံတင်မှု ကျဆင်း ခြင်းသည် လာမည့် ၂၀၂၇ ခုနှစ်တွင် ကလေးမွေးဖွားမှုနှုန်းကို ဆိုးရွားစွာ သက်ရောက်မှုရှိနိုင်ကြောင်း ပညာရှင်များက သတိပေးထားသည်။
လူဦးရေဆိုင်ရာ အကျိုးဆက်များကို ယခုအခါ ထင်ရှားစွာ မြင်တွေ့နေရပြီ ဖြစ်သည်။ တရုတ်နိုင်ငံ၏ ကလေးမွေးဖွားမှုသည် ၂၀၂၅ ခုနှစ်တွင် ၁၀ သန်းဝန်းကျင်အထိ ကျဆင်းသွားခဲ့ပြီး ယင်းသည် ၂၀၁၆ ခုနှစ် အမြင့်ဆုံးအခြေအနေ၏ ထက်ဝက်ခန့်သာ ရှိတော့သည်။ နိုင်ငံ၏ လူဦးရေသည် လေးနှစ်ဆက်တိုက် ကျဆင်းခဲ့ပြီး သက်ကြီးရွယ်အိုဦးရေသည် ကလေးဦးရေထက် ပိုမိုများပြားလာနေသည်။ ထို့ကြောင့် သက်ကြီးရွယ်အိုမှီခိုမှုအချိုး မြင့်တက်လာခြင်းသည် ပိုမိုစိုးရိမ်စရာဖြစ်လာပြီး ပင်စင်လစာများ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အလုပ်လုပ်နိုင်သည့် အသက်အရွယ်ရှိ လူဦးရေအပေါ် နောက်ထပ်ဖိအား များ ဖြစ်ပေါ်စေလျက်ရှိသည်။
ကလေးမွေးဖွားနိုင်သည့် အသက်အရွယ်ရှိ အမျိုးသမီးဦးရေ လျော့နည်းလာခြင်းကြောင့် စိန်ခေါ်မှုကို ပိုမိုဆိုးရွားစေသည်။ ကုလသမဂ္ဂ၏ ခန့်မှန်းချက်များအရ တရုတ်နိုင်ငံ၏ အသက် ၁၅ နှစ်မှ ၄၉ နှစ်ကြား အမျိုးသမီးဦးရေသည် ရာစုနှစ်ကုန်တွင် သုံးပုံနှစ်ပုံကျော် ကျဆင်းသွားနိုင်ပြီး သန်း ၁၀၀ အောက်သို့ ရောက်ရှိနိုင်သည်ဟု ဆိုသည်။ ထို့ကြောင့် ကလေးမွေးဖွားနှုန်း အနည်းငယ် တိုးတက်လာရုံမျှဖြင့် မိဘဖြစ်လာနိုင်ခြေရှိသူများ၏ ဖွဲ့စည်းပုံဆိုင်ရာ ကျဆင်းသွားမှုကို ဖြည့်ဆည်းပေးနိုင်ရန် မလုံလောက်နိုင် ကြောင်း သက်သေပြနေပေမည်။
ပေကျင်းနှင့် ပြည်နယ်အစိုးရများသည် မက်လုံးများကို တိုးမြှင့်ပေးအပ်ခြင်းဖြင့် တုံ့ပြန်ဆောင်ရွက်ခဲ့ ကြသည်။ လက်ထပ်ခွင့်ရက်များ တိုးမြှင့်ပေးခြင်း၊ ကြင်စဦးဇနီးမောင်နှံများအတွက် ငွေသား ဆုလာဘ်များ ပေးအပ်ခြင်း၊ ကလေးစောင့်ရှောက်ရေး ထောက်ပံ့ကြေးများ၊ ကလေးမွေးဖွားခြင်းနှင့် ပတ်သက်သော ဆေးဝါးကုန်ကျစရိတ်များ လျှော့ချပေးခြင်းနှင့် လက်ထပ်မှတ်ပုံတင်ခြင်းဆိုင်ရာ လိုအပ်သည့် အထောက်အပံ့ပစ္စည်းများ တိုးတက်ကောင်းမွန်အောင် ပြုလုပ်ပေးခြင်းတို့ ပါဝင်သည်။
အချို့ဒေသများတွင် သတ်မှတ်ကာလတစ်ခုအထိ အိမ်ထောင်ရေး ဆက်လက်တည်မြဲမှုအပေါ် မူတည်၍ ဆုကြေးငွေများ ပေးအပ်ခြင်းအပါအဝင် ကြီးမားသော ငွေကြေးဆိုင်ရာ မက်လုံးများကို မိတ်ဆက် ပေးခဲ့သည်။
သို့သော် အိမ်ထောင်ပြုနှုန်း ဆက်လက်ကျဆင်းနေမှုက ပိုမိုနက်ရှိုင်းသော ပြဿနာတစ်ရပ်ကို ညွှန်ပြနေသည်။ လက်ထပ်ခြင်းနှင့် မိဘဘဝတို့သည် စီးပွားရေးမလုံခြုံမှု၊ အိမ်ရာကုန်ကျစရိတ်များ၊ အလုပ်အကိုင်ဖိအားများနှင့် ကလေးပြုစုပျိုးထောင်စရိတ် မြင့်တက်လာမှုတို့ကြောင့် ပိုမိုပုံဖော်ခံနေ ရခြင်း ဖြစ်သည်။ အုပ်ချုပ်ရေးဆိုင်ရာ အဆင်ပြေချောမွေ့မှုနှင့် ငွေကြေးဆိုင်ရာ မက်လုံးပေး ဆွဲဆောင်မှုများသည် လက်ထပ်မှတ်ပုံတင်မှုများကို အားပေးနိုင်သော်လည်း ကြုံတွေ့နေရသည့် အတားအဆီးများကို သေချာပေါက် ကျော်လွှားနိုင်မည် မဟုတ်ပါ။
အဆိုပါအကျိုးဆက်များသည် တရုတ်နိုင်ငံအတွက် အလွန်ကြီးမားလှသည်။ လုပ်သားအင်အား ကျဆင်းလာခြင်း၊ သက်ကြီးရွယ်အိုမှီခိုမှု မြင့်တက်လာခြင်းနှင့် ပြည်တွင်းစားသုံးမှု ကျဆင်းခြင်းတို့သည် ကုန်ထုတ်စွမ်းအား တိုးတက်လာသည့်တိုင် စီးပွားရေးတိုးတက်မှုကို အားနည်းသွားစေနိုင်သည်။ ထို့ကြောင့် လက်ထပ်မှု ကျဆင်းလာခြင်းသည် လူမှုရေးဆိုင်ရာ ခေတ်ရေစီးကြောင်းတစ်ခုမျှသာ မဟုတ်ဘဲ ဘဏ္ဍာရေးဆိုင်ရာ မက်လုံးများပေးရုံမျှဖြင့် ပြန်လည်ပြောင်းလဲရန် ခက်ခဲနိုင်သည့် လူဦးရေဆိုင်ရာ အသွင်ကူးပြောင်းမှု၏ အစောပိုင်း သတိပေး ချက်တစ်ရပ် ဖြစ်သည်။
အဓိက မူဝါဒဆိုင်ရာ မေးခွန်းမှာ ယခုအခါ စုံတွဲများ အိမ်ထောင်ပြုလာစေရန် မည်သို့ ပိုမိုဆွဲဆောင်မည် ဆိုသည်ထက် လက်ထပ်ခြင်း၊ မိဘဘဝခံယူခြင်းနှင့် မိသားစုဘဝ တည်ဆောက်ခြင်းတို့ကို လက်ခံကျင့် သုံးရန် တဖြည်းဖြည်း တွန့်ဆုတ်နေကြသော မျိုးဆက်သစ်များအတွက် စီးပွားရေးအရ ရေရှည်တည်တံ့ နိုင်စေရန် မည်သို့ ပြုလုပ်ပေးမည် ဆိုသည့်အချက်ပင် ဖြစ်သည်။
(ဆောင်းပါးရှင် မောင်ဖြူဖွေးသည် အာရှ-ပစိဖိတ်ရေးရာများကို လေ့လာစောင့်ကြည့်နေသော သုတေသီ တစ်ဦး ဖြစ်ပါသည်။ ယခု ဖော်ပြပါဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပြီး ဧရာဝတီတိုင်းမ် သတင်းဌာန၏ အာဘော်မဟုတ်ကြောင်း စာဖတ်ပရိသတ်များအား လေးစားစွာ တင်ပြအပ်ပါသည်။)