နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၇ ရက်
နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာ့အရေးကိစ္စနှင့် နိုင်ငံရေးအကျဉ်းသား (နိုင်/ကျဉ်း) များကို မေ့လျော့မထားကြောင်း အာရှတိုက်၏ နိုဘယ်ငြိမ်းချမ်းရေးဆုအဖြစ် တင်စားခေါ်ဝေါ်ကြသည့် ရာမွန်မက်ဆေဆေဆု (Ramon Magsaysay Award) အား ဦးဘိုကြည် ရရှိမှုက ထင်ရှားစွာ ပေါ်လွင်စေကြောင်း နိုင်ငံရေးအကျဉ်း သားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြောကြားသည်။
ဖိလစ်ပိုင်သမ္မတဟောင်း ရာမွန်မက်ဆေဆေကို ဂုဏ်ပြု၍ လွန်ခဲ့သည့် ၁၉၅၈ ခုနှစ်တွင် စတင် ပေးအပ်ခဲ့သော အဆိုပါဆုအား ယခု ၂၀၂၆ ခုနှစ်အတွက် စင်ကာပူနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ လူပုဂ္ဂိုလ် ၂ ဦးနှင့်အတူ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် AAPP တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ရရှိခဲ့ခြင်း ဖြစ်သည်။

“နိုင်ငံတကာအနေနဲ့ မြန်မာ့အရေးကိစ္စ၊ နိုင်ငံရေးအကျဉ်းသားတွေကို မေ့မထားဘူးဆိုတာ ပေါ်လွင်စေ ပါတယ်။ ဒီဆုကို ရရှိတဲ့အတွက် ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသားများ အားလုံးအတွက်လည်း စိတ်ခွန်အားတွေ ဖြစ်စေပါတယ်” ဟု AAPP မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ဆုပေးပွဲအခမ်းအနားကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး ဦးဘိုကြည်သည် စစ်တပ်ကြောင့် နွေဦးတော်လှန်ရေးအတွင်း ကြွေလွင့်ကျဆုံးသွား သူများ၏ အမည်နာမများ ရေးထိုးထားသည့် ဝတ်ရုံကို ဝတ်ဆင်၍ ဆုတက်ရောက်လက်ခံရယူကာ ဂုဏ်ပြုမိန့်ခွန်း ပြောကြားခဲ့သည်။
“ဒီဆုကို လွတ်လပ်မှု၊ တရားမျှတမှုနဲ့ ဒီမိုကရေစီအတွက် ကြိုးပမ်းကြရင်း အကျဉ်းထောင်တွေထဲမှာ ဆက်လက်အကျဉ်းကျခံနေရတဲ့ မြန်မာနိုင်ငံနဲ့ ကမ္ဘာတစ်ဝန်းက မရေမတွက်နိုင်တဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ကိုယ်စား လက်ခံရယူခြင်း ဖြစ်ပါတယ်” ဟု AAPP တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ဆုလက်ခံမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

AAPP တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်သည် နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်ပြီး လူ့အခွင့် အရေး ကာကွယ်မြှင့်တင်မှုများနှင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး လုပ်ငန်းစဉ်များကို နှစ်ပေါင်းများစွာ အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့်အတွက် ယခုကဲ့သို့ နိုင်ငံတကာဆု ချီးမြှင့်ခံရခြင်း ဖြစ်သည်။
လက်ရှိတွင် အာဏာသိမ်း စစ်အုပ်စု အသွင်ပြောင်း ရွေးတုအစိုးရစစ်တပ်အနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ မတရားညှဉ်းပန်းနှိပ်စက်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများကို နေ့စဉ်နှင့်အမျှ ကျူးလွန်လျက်ရှိရာ AAPP အနေဖြင့် ပုံမှန်လုပ်ဆောင်နေသည့် နိုင်/ကျဉ်းအရေး ကိစ္စရပ်များကို အရှိန်မပျက် ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။
“ဒါတွေအတွက် ယုံကြည်ချက်တူတဲ့ အဖွဲ့အစည်းတွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး တော်လှန်ရေး မပြီးမချင်း၊ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ မရမချင်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကျွန်တော်တို့ ဆက်လုပ်သွားဖို့ ရှိနေပါတယ်” ဟု AAPP တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။
ရာမွန်မက်ဆေဆေဆုအား မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ၂၀၁၃ ခုနှစ်တွင် လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေး လှုပ်ရှားဆောင်ရွက်သူ ကချင်တိုင်းရင်းသူ လာပိုင်ဆိုင်းရော် (Lahpai Seng Raw)၊ ၂၀၁၅ ခုနှစ်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် ၂၀၁၉ ခုနှစ်တွင် Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းတို့လည်း ချီးမြှင့်ခံခဲ့ရဖူးကြောင်း သိရသည်။
ဓာတ်ပုံ – Ramon Magsaysay Award ၊ လူမှုကွန်ရက်